Search This Blog

Saturday, August 6, 2016



ပါးစပ်သရမ်းလို့ ကားပေါ်ပါလာတဲ့အဖြစ်

နယ်မြို့ လေးတစ်မြို့ ရဲ့ တက္ကသိုလ်တစ်ခုက အဖြစ်ပျက်လေးပေါ့
ဒုတိယစာသင်နှစ်တစ်ပိုင်းပြီးတဲ့အချိန် မိုးဦးနှောင်းပေါ့ဗျာ  သူငယ်ချင်းတွေစာမေးပွဲပြီးလို့ အပျော်ခရီးထွက်ကြတဲ့အချိန်လေး
မင်းထက် အောင်စေ မျိုးမင်း စောမြင့်သာ ရဲထွဋ် သူငယ်ချင်းငါးယောက်ရယ် မေဝင်း ချစ်ပိုး ထက်ထက် ရွှေသဲနု တို့ သူငယ်ချင်းလေးရောက်တို့က အရမ်းခင်ကြတဲ့အတန်းဖော် သူငယ်ချင်းတွေပေါ့ အဲဒီအထဲမှာမှ   မင်းထက်တစ်ယောက်တည်း တက္ကသိုလ်ရှိတဲ့ မြို့ မှာနေလို့ သူတစ်ယောက်ပဲ အဆောင်မနေရတာပါ  ကျန်တဲ့သူအားလုံးကတော့ အဆောင်မှာနေကြတာ ဒါပေမယ့် အဆောင်တွေမတူကြဘူးဗျ   မျိုးမင်း က တစ်ခြားအဆောင်မှာ နေတာပါ    ကျန်တဲ    တဲ့ယောက်ကျားလေး သုံးယောက်ကအဆောင်တူပါတယ်  
ဇာတ်လမ်းလေးကိုစပြောပြပါ့မယ်
မင်းထက်တို့သူငယ်ချင်း ကိုးယောက် စားမေးပွဲဖြေလို့ပြီးတာကြောင့် နေပြည်တော် ကို အပျော်ခရီးထွက်ဖို့အားလုံးတိုင်ပင်ပြီးသားပါ  ကားတောင်ပိုက်ဆံအပြတ်ပေးပြီပြီပေါ့
ဇာတ်လမ်းလေးအစပျိုးပါရစေ
မျို မင်းတို့အဆောင်က လူနည်းပါတယ်  ဒါကြောင့် စာမေးပွဲဖြေပြီးတာနဲ့ ကိုယ့်မြို့ ကိုယ် အားလုံးပြန်ကုန်ကြတယ်
မျိုးမင်း တစ်ယောက်တည်းအဆောင်ရှိပါတော့တယ်  ည ၁၀ ခွဲလောက်ကြတော့ မျိုးမင်း   တစ်ယောက်  မင်းထက်ဆီကိုဖုန်းဆက်တယ်    အဆောင်မှာ သူတစ်ယောက်တည်းဖြစ်နေလို့မနေရဲတာရယ်  ကြောက်တက်တာရယ်ကြောင့် မင်းထက်အိမ်မှာလာအိပ်ဖို့ပြောတာပေါ့
''ဟဲလို    မင်းထက်လား ငါ  မျိုးမင်း ပါ ''
''ဘာဖြစ်လို့လည်းကွ ''
''ငါ အဆောင်မှာတသ်ယောက်တည်းမိုလို မင်းတို့အိမ်ငါလာအိပ်ဦးမယ် ''
''အေးးး     အဆောင်မှာခဏစောင့်နေ ဦး ငါလာခေါ်မယ် ''
မင်းထက် လည်း  မျိုးမင်းတို့အဆောင်ကို ဆိုငိကယ်အပြေးကလေးမောင်းပြီးရောက်လာပါတယ်  မိုးဖွဲလေးတွေကလည်း တစ်သဲသဲပေါ့ဗျာ
အဆောင်ရှေ့ရောက် တော့ မျိုးမင်းတို့အဆောင်က မှောင်မဲနေတာပါ   မိုးကရွာထားတော့ မီးမပေးဘူးလေ    မင်းထက် အဆောင်ရှေ့က အော်ခေါ်လိုက်တယ်
''မျိုးမင်းရေ    ဟေ့ကောင်  မျိုးမင်း  ''
မင်းထက် အော်ခေါ်နေတုန်းမှာပဲ    အဆောင်အိမ်မကြီးတံခါးက ဒုန်းခနဲ ဆိုသူ့အလိုလိုပိတ်သွားပါတယ်
မင်းထက်နည်းနည်းတော့သွေးပျက်သွားတယ်
မင်းထက် ကကြောက်တက်ပေမယ့် သူကြောက်တက်တာကို လူမသိအောင်တော့လုပ်တက်တယ်ဗျ
အဆောင်တံခါးမကြီး သူ့အလိုလိုပိတ်သွားတော့ မျိုးမင်း  အဆောင်ပေါ်ကနေ အသံကုန်ဟစ်ပါတော့တယ်
''မင်းထက်   မင်းထက်ရေ   အပေါ်ကိုတက်ခဲ့ကွာ    မြန်မြန်လာဟ ''
ကြောက်ကြောက်လန့်လန့်နဲ့မင်းထက်လည်းအပေါ်ကိုပြေးတက်သွားတယ်
အဆောင်ပေါ်ရောက်တော့ နှစ်ယောက်သားအတော်လေးကိုကြောက်လန့်နေကြပီ     မျိုးမင်း   က  သူနေတဲ့အဆောင်အကြောင်းကို သိုးသိုးသန့်သန့်တော့ကြားပါတယ်  အဆောင်မှာလူငယ်တယောက် ကိုယ့်ကိုကိုယ်ဆွဲကြိုးချ ပီးသေတာပါ နှစ်ကြာလာတော့မေ့မေ့ပျောက်ပျောက်ပါပဲ လူများတော့ သိပ်ပီးမခြောက်လန့်ဘူး   ဒီနေ့မှ မျိုးမင်း ရယ် မင်းထက်ရယ်ဆိုတော့ နည်းနည်းတော့ခြောက်ခြားစရာပေါ့ဗျာ    သူတို့နှစ်ယောက် အဆောင်အောက်ကိုလည်းမဆင်းရဲ   ကြောက်ကလည်းကြောက် အချိန်က ဆယ်ခွဲလောက်တော့ရှိရောပေါ့ မိုးဖွဲကျနေတာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်ပီး မိုးအေးအေးနဲ့ကွေးနေပီပေါ့  အဲဒီအချိန်မှာပဲ   အဆောင်မှာ မွေးထားတဲ့ခွေးနှစ်ကောင် က ဆွဲဆွဲငင်ငင်ကိုအူနေပါရော
''အ   အူးးးးးးးးးးးး   ဝူးးးးးးးးး  ''
နှစ်ယောက်သားကြက်သီးမွေးညင်းတွေပါထသွားတယ်   အပုပ်နံ့လိုလို   ရေမွှေးနံ့လိုလို အနံ့တစ်ခုကလည်း  သူတို့နှစ်ယောက်ဖို့သွေးပျက်စရာ  
မင်းထက်လည်းကြောက်ကြောက်လန့်လန့်ခွေးအူနေတဲ့ဘက်ကို  လှမ်းကြည့်မိလိုက်တယ်   အမလေးဗျာ
ကြိုးတစ်ချောင်းကိုင်ပီး     လူတစ်ယောက် အဆောင်ဘက်ဆီကိုလမ်းလျှောက်လာနေတယ်  မျက်နှာအနေထားကလည်း  ခပ်တည်တည် အေးစက်နေတဲ့မျက်နှာမျိုးကြီး
''ဟေ့ကောင်   မျိုးမင်းး  ဟိုမှာ  ဟိုမှာ   '
''မျိုးမင်း   ခုနက မြင်ကွင်းကိုမြင်ပီးတော့ ကြက်သေ သေသွားတယ်
''ဟေ့ကောင်  မျိုးမင်းးးး  ''
''ဟင်  ''
သူတို့နှစ်ယောက်အပြင်လည်းမထွက်ရဲဖြစ်နေတယ်   မီးအလင်းရောင်ကလည်း ဖယောင်းတိုင် မီးလေးသာထွန်းထားတာကြောငိ့မှုန်ပြပြပေါ့
ခဏကြာတော့  အဆောင် အပေါ်ထပ်ကို တက်လာတဲ့ ခြေသံကြားရတယ်
သူတို့နှစ်ယောက်ဆီကိုခြေသံက ဦးတည်လာနေတာပါ   ခြေသံနီးလာလေ အပုပ်နံ့က ထောင်းခနဲ  ထောင်းခနဲ  ရလေလေပါပဲ   သိပ်မကြာလိုက်ပါဘူး ခြေသံရပ်သွားတယ် တံခါးဖွင့်သံကြားလိုက်ရတယ်
''ကျွီ  ''
မျိုးမင်းနေတဲ့ အခန်းဘေးတံခါး ပွင့်သွားတဲ့အသံပါ နှစ်ယောက်သား ဘာလုပ်လို့လုပ်ရမှန်းလည်းမသိဘူး
အောက်ကိုဆင်းပြေးပြန်ရင်လည်း  ခုနက ခြေသံဝင်သွားတဲ့ အခန်းရှေ့ကိုဖြတ်သွားရမှာလေ ကြောက်နေကြရောပေါ့   အပေါ်မှာဒီအတိုင်းဆက်နေနေရင်လည်းကြောက်ပီးသေဖို့ပဲရှိတယ်  ဒီတော့  မင်းထက် က
''မျိုးမင်း   အောက်ကို ဆင်းပြေးမယ်ကွာ ''
''မသွားရဲဘူးကွာ    ငါ လန့်လို့သေတော့မယ် ''
''ဆင်း ကို ဆင်းမှရမယ်ကွာ  မင်းမလိုက်ရင်ငါတယောက်တည်းအောက်ဆင်းပြေးမယ် '' ဒီတော့မှ  မျိုးမင်းလည်း  သူပါလိုက်မယ်လို့ပြောရတော့တာပေါ့ဗျာ  လူ့ စိတ်ကလည်းဆန်းကြယ်သားဗျ   ကြောက်ပါတယ်ဆိုတဲ့အရာကို ကြည့်ဖြစ်အောင်ကြည့်မိကြသေးတယ်   မျိုးမင်း နေတဲ့ အခန်းနဲ့ခုနက ခြေသံ ဝင်သွားတဲ့အခန်းက ကပ်လျက်ပါ  အခန်းတွေက  ပျဉ်ပြားတွေရိုက်ထားတာကြောင့် ဟိုဘက်ခန်းကိုချောင်းကြည့်လို့ရတယ်လေ    မျိုးမင်းကြောက်ကြောက်လန့်လန့်နဲ့ချောင်းကြည့်လိုက်တယ်    
''အမလေးးးး ''
မြင်လိုက်ရတဲ့မြင်ကွင်းက   လူတစ်ယောက် ထုပ်တန်းပေါ်ကနေ ဆွဲကြိုးချသေနေတဲ့မြင်ကွင်းကြီး မျိုးမင်းလည်းဘာမှစဉ်းစားမနေတော့ဘဲအဆောက်အောက်ကိုတစ်ချိုးတည်းဆင်းပြေးပါတော့တယ်   မင်းထက်ပါ ပြေးပါရောလား
နှစ်ယောက်သားကြောက်ကြောက်လန့်လန့်နဲ့အဆောင်ရှေ့ရောက်တော့ မင်းထက် အော်ဆဲပါလေရော
'''.. ××××××× သရဲ     တအားခြောက်ချင်နေတာ   ငါတို့မနက်ဖြန်နေပြည်တော်သွားမှာ
 အဲဒီမှာပါလိုက်ခြောက် ''
မင်းထက်လည်း ကြောက်စိတ်ရော ဒေါသတွေရော ပေါက်ကွဲထွက်ကုန်တာပေါ့
''မင်းထက် ရာ  ဘာတွေလျှောက်ပြောနေတာ  လာပါကွာ    မင်းတို့အိမ်သွားမယ် ''
နှစ်ယောက်သားပြောပြောဆိုဆိုနဲ့အိမ်ရောက်သွားပါတယ်   မင်းထက် ဒေါသထွက်လို့ အော်ဆဲခဲ့တဲ့စကားတွေက သူတို့ရဲ့အပျော်ခရီးကိုဘယ်လိုဒုက္ခတွေတွေ့စေမှာလည်းဆိုတာ သူစဉ်းစားခဲ့ပုံမရပါဘူး   မနက်မိုးလင်းတော့ သူငယ်ချင်းအားလုံးတက်တက်ကြွကြွပေါ့    အဲဒီအထဲမှာ မျိုးမင်း နဲ့  မင်းထက် ကတော့ မျက်နှာအမူယာတွေက တခြားသူတွေနဲ့မတူဘူး ညက အဖြစ်ပျက်ကိုပြန်သတိရနေတယ်ထင်ပါတယ် ကားပေါ်မှာ လူစုံတော့ နေပြည်တော်ကို ခရီးထွက်ကြပါတယ်
ထက်ထက် တစ်ယောက်  မျိုးမင်းနဲ့ မင်းထက် တို့ရဲ့အမူယာကိုကြည့်ပီး
''ဟဲ့  နင်တို့ ဘာဖြစ်နေတာလည်း    မျက်နှာတွေကလည်း မရွှင်မပြနဲ့ ''
''ဘာမှမ ဖြစ်ပါဘူးဟာ    အိပ်ရေး  မဝလို့ပါ ''
ဒီလို နဲ့ကားပေါ်က သူငယ်ချင်းအားလုံးကလည်းပျော်ပျော်ပါးပါးဆိုတော့  မျိုးမင်းနဲ့ မင်းထက်လည်း အပျော်တွေကူးလာကြတာပေါ့ဗျာ
ဇာတ်လမ်းလေးပြန်စပါရစေ
အားလုံးနေပြည်တော်မှာ  ပျော်ခဲ့ပြီးတော့  ည ၁၁ လောက်မှ ပြန်ထွက်ဖြစ်ပါတယ်   ကားဆရာကလည်း  ဒီထက် အချိန်နောက်မကျစေဖို့ အမြန်လမ်းမကြီးက မောင်းတာပေါ့
အားလုံးပင်ပန်းနေပီဆိုတော့ အိပ်တဲ့သူကအိပ်  မအိပ်ဘဲ သီချင်းဆိုတဲ့သူက ဆိုနဲ့
ခဏကြာတော့   ရွှေသဲနု  နိုးလာပါတယ်
''ဟဲ့   သီချင်းမဆိုကြပါနဲ့လားဟာ  အိပ်ချင်နေပီ''
''အေး ပါဟာ ''
''ဟဲ့  အကောင်တွေ   သီချင်းသံတိတ်တော့    အီးနံ့နဲ့နှိပ်စက်နေတာလား   အပုပ်နံ့ကိုဟောင်နေတာပဲ  ''
''အီးပေါက်စရာလားဟ    ငါတို့လည်း အပုပ်နံ့ရလို့ နင်တို့လို့ထင်နေတာ ''
ခဏကြာတော့  ကားပေါ်မှာ အပုပ်နံ့တွေကို လှို င်ထွက်နေတာပါပဲ
''နံလိုက်တာဟာ   ဘာနံ့တွေလည်း '
အပုပ်နံ့နံချက်ကတော့ ကားသမားကို လမ်းဘေးချရပ်ခိုင်းပြီး ကားအပြင် ထွက်ရတဲ့အထိပါပဲ  
မျိုးမင်းနဲ့  မင်းထက်   အနည်းငယ်တော့ရိပ်မိကြပါတယ်
''ဟေ့ရောင်   မင်းထက်    မင်းမနေ့ညက အော်ခေါ်ခဲ့တာ   တကယ်လိုက်လာတာလားမသိဘူးနော် ''
 ''မဟုတ်လောက်ပါဘူးကွာ ''
နှစ်ယေညက်သားတိုးတိုးနဲ့ပြောနေကြတာပေါ့ဗျာ
အားလုံးကိစ္စပြီးလို့ကားပေါ်ပြန်တက် ပီး   ခရီးဆက်လာခဲ့ကြပါတယ်   လမ်းကလည်း လူရှင်းတယ်လေ  အလင်းရောင်ကလည်း ကားမီးလေးလောက်ပဲရှိတာပါ  မင်းထက် ကားပြန်ထွက်တော့ ငိုက်နေတယ် မှေးခနဲမှေးခနဲဖြစ်နေတာ   သူ့ဘေးမှာက စောမြင့်သာ ထိုင်နေတာဗျ    ခဏကြာတော့ မင်းထက်ထအော်တယ်
''ဟေ့ကောင်  စောမြင့်သာ   ဘာဖြစ်လို့ ငါ့ နားရွက်ကိုလာဆိတ်တာလည်း နာတယ်ကွ''
စောမြင့်သာ ကြောင်အန်းအန်းဖြစ်သွားတယ်
''ငါမလုပ်ပါဘူးကွာ   မင်း ကလည်း ''
ရဲထွဠ်တို့ အဖွဲ့ကတော့ ကားနောက်မှာ သီချင်းလေး တအေးအေးနဲ့ပေါ့ဗျာ  
ဒီတခါတော့  မင်းထက် တော်တော်လေးဒေါသထွက်သွားပုံရတယ်
''ဟေ့ကောင်  စောမြင့်သာ  ငါ့ နားရွက်ကိုမကိုင်နဲ့လို့ပြောနေတယ်    မငိးကိုငါထိုးမိတော့တယ် ''
အားလုံးမှင်သက်ကုန်တယ် စောမြင့်သာ ကလည်း  သူမလုပ်ဖူးဆိုတာချည်းပဲ အားလုံး မင်းထက်ကို ကြည့်ပီးကြောင်အန်အန်းဖြစ်ကုန်ကြတယ်
စကားပြောလို့တောင်မဆုံးသေးဘူး
အပုပ်နံ့တွေ ကားထဲမှာ အတော်လေးကို နံနေပီ
အားလုံးဒီတခါမှာတော့သတိထားမိကြတယ်  
''အပုပ်နံ့ကြီးက အရမ်းနံနေတယ်နော်    နင်တို့  တခုခုများမှားလာကြလား''  ချစ်ပိုး ကြောက်ကြောက်လန့်လန့်နဲ့မေးလိုက်တယ်
ဒီတော့  ရဲထွဌ်က ဘာမှားရမှာလည်းဟ''
''ဟာ  နင်တို့ကလည်း   လမ်းဘေးမှာ အပေါ့ပါး သွားတော့  တောင်းပန်ခဲ့ကြလားလို့မေးတာ   အခုလိုတွေဖြစ်နေတာ မရိုးတော့ဘူး နော် ''
ဟုတ်ပါတယ်   ဒါ  တစ်ခုခုဖြစ်နေပီဆိုတာ အားလုံးသိကြပါတယ်   လန့်နေကြပီပေါ့ဗျာ  အဲဒီအထဲမှာတော့ မျိုးမင်းနဲ့  မင်းထက်  က တော့ အတော်လေးကိုတုန်လှု ပ်နေပါပီ
လမ်းကမှောင်    ကား က Lightruck ဆိုတော့ နောက်ခန်းမှာမီးမရပါဘူး ကိုးယောက်တည်းသွားတာမို့  ကားချောင်တယ်ဗျ
ထက်ထက်  ကြောက်လန့်တကြားနဲထအော်တယ်
''အားးးးးးးးးး     ကားပေါ်မှာ  လူတယောက်   ပါလာတယ်     လူတယောက်ပါလာတယ် ''
''ဘယ်သူပါလာလို့လည်း  ငါတို့ ကိုးယောက်ပဲရှိတယ်လေ    ထက်ထက်ရဲ့ ''
''မဟုတ်ဘူး    ခုနက  ကြိုးတချောင်းကိုင်ထားတဲ့ လူတယောက်ကို ငါတွေ့တယိ   ငါတို့အားလုံးကို လိုက်ကြည့်နေတယ် ''
 ''မဟုတ်တာ ဟာ  ဘာမှမရှိဘူး    ရေသောက်လိုက်''
ထက်ထက် ခနပြန်ငြိမ်သွားတယ်
မင်းထက်နဲ့ မျိုးမင်းကတော့ အရမ်းကိုတုန်လှုပ်နေပါပီ    ဖြစ်လာသမျှ ဝန်ခံရင်လည်း  သူငယ်ချင်းတွေစိတ်ဆိုးကြမှာမို့ ဘာတခုမှ ဝင်မပြောဘူး ''
ခနကြာတော့ ရဲထွဌ် ကိုယ်တိုင် သူမသိတဲ့ လူတယောက်ကားပေါ်ပါလာတာကိုတွေ့လိုက်ရတယ်
'' ဟ     ခင်ဗျား ဘယ်သူလည်း  '''
''ဟေ့ကောင်ရဲထွဌ်ဘာဖြစ်တာလည်း  ''
ရဲထွဌ်သေချာပြန်ကြည့်တယ် ဘယ်သူမှမရှိပါဘူး
'' ငါ ခုနက လူတယောက်တွေ့လိုက်တယ်   အဲဒီတယာက်က ငါတို့ထဲက မဟုတ်ဘူး   ငါတို့အားလုံးကိုလိုက်ကြည့်နေတယ် ''
ကားပေါ်မှာ ပါလာတဲ့ သူတွေအားလုံးလည်း  ကြောက်လန့်နေကြပီ  
ဒီတော့  ကားဆရာကို ကားခဏရပ်ခိုင်းပီးအကြိုးကြောင်းပြောပြရတော့တာပေါ့ ကားဆရာ ကတော့ သိပ်ကြောကိတက်တဲ့ပုံမပေါ်ဘူးဗျ    သူလည်း  ကားခေါင်းခန်းထဲကနေ အပုပ်နံ့  တချက်တချက်နံတယ်လို့ပြောလာတော့ အားလုံးက ပိုကြောက်လာတာပေါ့   စောမြင့်သာက
''ကားဆရာ   တခုခုလုပ်ပါဦးဗျာ  ''
''အေး   ရတယ်  ငါလုပ်မယ်    ဒါငါ့ကား  ငါပိုင်တယ်''
ကားဆရာ ပါးစပ်ပြောလိုက်တယ်
''ဒီကားပေါ်မှာ ပါလာတဲ့ကောင်   ဒီကားက ငါ့ကား   ငါပိုင်တယ်    မင်း ကို  ကားပေါ်ကိုမတင်နိုင်ဘူး  အခုချက်ချင်းဆင်းစမ်း ''
ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာကြောင့် ကားဆရာရဲ့အသံကဟိန်းပီးထွက်လာတယ်
ခဏကြာတော့  
''ငါ့ကိုခေါ်လာတာ ငါလိုက်မယ်  မဆင်းဘူး  ''
ဆိုတဲ့ အသံက ဘယ်နေရာကမှန်းမသိ  ဘယ်သူအော်မှန်းမသိ ပေါ်လာတယ်   မိန်းကလေးတွေကတော့  အတော့်ကိုကြောက်နေရောပေါ့ဗျာ  ကားပေါ်လည်းပြန်မတက်ရဲ    ရောက်နေတဲ့နေရာကလည်း အမြန်လမ်းမကြီးဆိုတော့  ပိုဆိုးတာပေါ့ဗျာ  ခဏကြာတော့ မေဝင်း တစ်ယောက်တုန်တုန်ရီရီဖြစ်လာပါတော့တယ် စာဖတ်သူအပေါင်းနားလည်အောင်ပြောရရင် သရဲဝင်ပူးတာပေါ့ဗျာ
အသံသြသြကြီးထွက်လ်ာတယ်  ယောက်ျားတယောက်ရဲ့ အေးစက်မာကျောလှတဲ့ အသံကြီးပေါ့ဗျာ
''မင်း တို့ ခေါ်တုန်းက ခေါ်လာပီး  အခုကျ မှငါ့ကို ကားပေါ်က ဘာလို့ဆင်းခိုင်းတာလည်း''
''မင်း ကို ဘယ်သူခေါ်လာလို့လည်း ဘယ်သူမှခေါ်မလာဘူးကွ ''
ကားဆရာမကြောက်တက်လို့သာတော်သေးတယ်
သရဲပူးကပ်ခံထားရတဲ့ မေးဝင်း  လက်ညိုးက မင်းထက်နဲ့ မျိုးမင်း တို့ဘက်ထဲလှည့်လာတယ်
''ဟိုကောင်နှစ်ယောက် ညက ငါ့ကိုခေါ်လာတာ''
အသံနက်ကြီးနဲ့ဆိုတော့ အားလုံးလန့်ကုန်တာပေါ့
ကားဆရာမကြောက်တက်လို့သာ တော်သေးတယ်ပြောရမယ်
''ဘယ်သူတွေလည်း ''
မင်းထက်နဲ့ မျိုးမင်း တို့ကိုလက်ညိုးထိုးပြတာပေါ့ဗျာ အားလုံးရဲ့မျက်လုံးတွေကလည်းသူတို့ဆီရောက်ကုန်တယ်
မေဝင်း ရဲ့ အခြေနေက အတော်လေးကြည့်ရစိုးလာပါတယ်   မျက်လုံးနှစ်လုံးက အပြင်ကို ပေါက်ထွက်တော့မယ့်အလား  လက်တွေခြေတွေကလည်း ကွေးကောက်ပီး တော်တော်ကိုအခြေနေဆိုးနေပါပီ  ဒီတော့မှ မင်းထက်    မနေ့ညက  မျိုးမင်းတို့အဆောင်မှာဖြစ်ပျက်ခဲ့တာကိုပြန်ပြောပြရတော့တာပေါ့
အားလုံးလည်းသိသွားပီမို့  မေဝင်း ကို ပူးကပ်မနေဖို့ ကားပေါ်မှာ ဆက်မလိုက်ဖို့ အမျိုးမျိုးပြောဆိုပေမယ့်မရပါဘူး   နေရာရောက်မှ ဆင်းမယ်ဆိုတာချည်းပဲ   သရဲတစ်ကောင်ပါလာတာ ကားပေါ်မှာ ဘယ်သူက လိုက်ရဲမလည်းဗျာ   မထူးတော့တဲ့အဆုံးမှာတော့  ရဲထွဌ်နဲ့ မင်းထက်က မေဝင်း  ကို ချု ပ်ပီး ကားပေါ်ပြန်တင်ရတော့တာပေါ့ ကားဆရာလည်း အကြံကုန်တာကြောင့်  အနီးစပ်ဆုံးဘုန်းကြီးကျောင်းကို မောင်းရတော့မှာပေါ့ဗျာ   နေပြည်တော်က ပြန်လာတာ လမ်းတစ်ဝက် မကျိုးသေတာကြောင့်
ကားဆရာ မိုင်ကုန်ဖွင့်ပီး ဘုန်းကြီးကျောင်းကို မောငိးရပါတော့တယ် ဒီလိုနဲ့ ဘုန်းကြီးကျောင်းရောက်တော့   မေဝင်း လုံးဝ ဂနာမငြိမ်တော့ပါဘူး   '' ကြောက်တယ်  ငါမလိုက်ဘူး   ငါမလိုက်ဘူး '' အတင်းအော်နေပေမယ့် ချုပ်ထားတာကြောင့် လှုပ်လို့မရဖြစ်နေတာပေါ့  ကားဆရာနဲ့မိန်းကလေးတွေက   ဘူန်းကြီးကိုနိုးပီးအကျိုးကြောင်းရှင်းပြ  အကူညီတောင်းကြတာပေါ့   မေဝင်း
ဘုန်းကြီးရှေ့ရောက်တော့ '' ဒီကိုယ်ထဲက ငါမထွက်ဘူး   ငါ့နေရာထိလိုက်မှာ ''
မေတ္တာဓါတ်အပြည့်နဲ့ဘုန်းကြီးလည်း တရားပြရတော့တာပေါ့  ဒီတော့မှ မေဝင်းကိုယ်ထဲက ထွက်သွားပါတယ်   ဘုန်ကြီးက
''ဒကာလေးတို့    ဘုန်ကြီး   ကျောင်းဝန်းထဲ က သရက်ကိုင်းတစ်ကိုင်းချိုးယူခဲ့ပါ
မျိုးမင်း အောက်ဆင်းပြီူအမြန်သွားချိုးပါတယ် သရက်ကိုင်းချိုးပီးဘုန်းကြီးကိုပေးလိုက်ပါတယ် ဘုန်းကြီးလည်း
'' ငါ့နေရာထိလိုက်မယ်ဆိုတဲ့  ဒကာ      ဒီသရက်ကိုင်းမှာ ဝင်ပူးကပ်ပါ   လူတွေကို မပူးကပ်ပါနဲ့    သရက်ကိုင်းကိုပူးကပ်ပီး  အသင့်နေရာထိ လိုက်ပါသွားနိုင်ပါပီ ''
ခဏကြာတော့ သရက်ကိုင်းလေးလှု ပ်သွားတယ် အားလုံးသိလိုက်ပါတယ်   မေဝင်းကိုယ်ထဲ ကသရဲ သရက်ကိုင်းကိုဝင်ပူးကပ်တာပေါ့ ဘုန်းကြီးလည်းသရက်ကိုင်းကို ကားနောက်တနေရာမှာသေချာထားဖို့ မှာလိုက်ပါတယ်
''ဒကာလေး  ဒကာမလေးတို့ပြန်လို့ရပါပီ ''
မေဝင်းကြောက်လန့်တကြားနဲ့ထပ်မေးပါတယ် တပည့်တော်တို့ထဲက တစ်ယောက်ကို ပြန်ပူးကပ်ရင် ဘယ်လိုလုပ်မလည်း ဘုရား ကူညီပေးလိုက်ပါဦး ''
''ကိုင်းးး  ကိုင်းးးးး   ဘုရားစင်မှာတင်ထားတဲ့သောက်တော်ရေနဲ့  သရက်ကိုငိးဘေးမှာ  စည်းချလိုက်ပါ ''
''တင်ပါ့ဘုရား ''
အားလုံးလည်း ဘုန်းကြီးကိုကတော့ပီး   ခရီးပြန်ထွက်ခဲ့ကြပါတော့တယ်   လမ်းမှာတော့ ဘယိသူမှ  သီချင်းမဆိုရဲတော့သလို  ဘယိသူမှလည်းမအိပ်ရဲ   ဘယ်သူမှလည်းစကားမပြောရဲကြတော့ပါဘူး  အချိန်တန် ကိုယ့်နေရာကိုယ်ပြန်ရောက်တော့   မင်းထက်  လုပိစရာရှိနေပါတယ်  သူ့အပြစ်သူလုပ်ရမှာပေါ့
မင်းထက်လည်းသရက်ကိုင်းကိုယူပီး
''ခင်ဗျားနေရာရောက်ပီ    ဘယ်သူမှမနှောက်ယှက်နဲ့တော့ ''လို့ပြော့ပီးသရက်ကိုင်းကို မျိုးမင်းတို့အဆောင် ထဲကိုပစ်ထည့်လိုက်ပါတယ်  
မင်းထက် ကိုလည်း ဘယ်သူမှ စိတ်မဆိုးကြပါဘူး အချစ်ဆုံး အခင်ဆုံး သူငယ်ချင်းတွေပဲလေ
ကျောင်းကြီးပိတ်ပီး ပြန်ဖွင့်တော့  တက္ကသိုလ်ကျောင်းသားဘဝရဲ့  အတွေ့ကြုံတစ်ခုကို တစ်စီစီပြန်ပြောရင်း  အမှတ်ရနေကြတာပေါ့ဗျာ
ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲခင်ဗျာ

မှတ်ချက် ။   ။ ကျွန်တော်အပါဝင် Tgo Uni                                                      .                    ကျောင်းသား/ သူ  ကိုးယောက်

သည်းခံပီးဖတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ

Admin. . . . . Minn Tharr



မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

Thursday, August 4, 2016



Hair = ဆံပင်..
Brain = ဦးနှောက်..
Scalp = ဦးခေါင်းအ ရေပြား..
Skull = ဦးခေါင်းခွံ..
Dandruff = ဗောက်,ဒက်..
Forehead = နဖူး..
Nerve = အာရုံကြော..
Eye = မျက်စိ..
Eyeball = မျက်လုံး..
Eyebrow = မျက်ခုံးမွှေး..
Eyelash = မျက်တောင်..
Eyelid = မျက်ခွံ..
Pupil = မျက်စိသူငယ်အိမ်..
Cataract = မျက်စိအတွင်းတိမ်..
Tear = မျက် ရည်..
Pimple = ၀က်ခြံ..
Blackhead = မှဲ့ခြောက်..
Mole = မှဲ့..
Scar = အနာရွတ်..
Nose = နှာခေါင်း..
Nostril = နှာခေါင်းပေါက်..
Temple = နားထင်..
Cheek = ပါး..
Lip = နှုတ်ခမ်း..
Mouth = ပါးစပ်..
Tooth = သွား..
Teeth = သွားများ..
Saliva = သွားရည်..
Spit, Spittle = တံတွေး..
Canine tooth = အစွယ်သွား..
Molar tooth = အံသွား..
Wisdom tooth = အံဆုံး..
Incisor tooth = ရှေ့သွား..
Gum = သွားဖုံး..
Tongue = လျှာ..
Palate = အာခေါင်..
Tonsil = အာသီး..
Nape = ဇက်ပိုး..
Dimple = ပါးချိုင့်..
Chin = မေးစေ့..
Jaw = မေးရိုး..
Moustache, Mustache = နှုတ်ခမ်းမွှေး..
Beard = မုတ်ဆိတ်မွှေး..
Sideburns = ပါးသိုင်းမွှေး..
Neck = လည်ပင်း..
Throat = လည်ချောင်း..
Shoulder = ပခုံး..
Back = နောက်ကျော..
Spine = ကျောရိုး..
Chest = ရင် ဘတ်, ရင် အုံ..
Breast = ရင် အုတ်, သားမြတ်..
Nipple = နို့သီး..
Muscle = ကြွက်သား..
Arm = လက်မောင်း..
Armpit = ချိုင်း..
Biceps = လက်မောင်းကြွက်သား..
Hand = လက်(လက်ကောက်ဝတ်အထက်အစိတ်
အပိုင်း)..
Elbow = တံ တောင် ဆစ်..
Wrist = လက်ကောက်ဝတ်..
Palm = လက်ဖ၀ါး..
Back of the hand = လက်ဖမိုး..
Finger = လက်ချောင်း..
Thumb = လက်မ..
First finger, Index finger = လက်ညိုး..
Second finger, Middle finger = လက်ခလယ်..
Third finger, Ring finger = လက်သူကြွယ်..
Little finger = လက်သန်း..
Kunckle = လက်ဆစ်..
Fingernail = လက်သည်း..
Fingerprint = လက်ဗွေရာ..
Fingertip = လက်ချောင်းထိပ်, လက်ဖျား..
Fist = လက်သီး..
Liver = အသည်း..
Heart = နှလုံး..
Lung = အဆုတ်..
Kidney = ကျောက်ကပ်..
Rib = နံရိုး..
Belly = ၀မ်းဗိုက်..
Stomach = အစာအိမ်..
Intestine = အူ..
Colon = အူမ..
Bowel = အူသိမ်အူမ..
Navel = ချက်..
Waist = ခါး..
Gall = သည်းခြေ..
Womb = သားအိမ်, ၀မ်းဗိုက်..
Uterous = သားအိမ်..
Blood = သွေး..
Bladder = ဆီးအိမ်..
Urine = ဆီး..
Anus = စအို..
Excrement , Feces, Ordure, Stool = ၀မ်း,မစင်..
Rectum = စအိုလမ်းကြောင်း, အူမကြီး
အောက်ဆုံးပိုင်းမစင် အိတ်..
Sweat = ချွေး..
Vein = သွေးပြန်ကြော..
Main vein = သွေးပြန်ကြောမကြီး..
Artery = သွေးလွှတ်ကြော..
Aorta = သွေးလွှတ်ကြောမကြီး..
Capillary = ဆံချည်မျှင်သွေးကြော..
Hip, Buttock = တင် ပါး..
Thigh = ပေါင်..
Knee = ဒူး..
Calf = ခြေသလုံး..
Leg = ခြေ ထောက်..
Shin = ညို့သကျည်း..
Foot = ခြေ ထောက် (ခြေမျက်စေ့အောက်
ပိုင်း)..
Ankle = ခြေကျင်းဝတ်..
Lateral malleolus = ခြေမျက်စေ့..
Instep = ခြေဖမိုး..
Heel = ခြေဖ နောင့်..
Sole = ခြေဖ၀ါး..
Toe = ခြေ ချောင်း..
Big toe = ခြေမ..
Toenail = ခြေသည်း..
Bone = အရိုး..
Skin = အ ရေ ပြား..
Flesh = အသား..

@shweaeimsidictionary

Crd- ရွှေအိမ်စည်


မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

အသက်၈၀အဘိုးတစ်ယောက်ရဲ့ ဘဝသင်ခန်းစာများ



အသက် (၈၀) အဘိုးအို တစ်ယောက်ရဲ့ ဘဝသင်ခန်းစာများ
--------------------

၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
၎။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။
၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။
၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။
၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။
၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။
၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။
၁၀။ လေချွန်ပါ။

၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။
၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။
၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။
၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။
၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲ ရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။
၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။
၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမယ့် တတိယ အခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။
၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။
၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက် ဖြစ်အောင် နေပါ။
၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။

၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာမဟုတ်။
၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။
၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။
၂၄။ တစ်စုံတစ်ယောက်ကို လှို့ဝှက်ချက် မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။
၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင်လက်လွှတ်ပါစေ။
၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာပဲ ဂုဏ်တပ်ချင်တပ်ပါစေ။
၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။
၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထား ဆက်ဆံပါ။
၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့သြဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ်ဖြတ်ရဦးမယ် ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။
၃၀။ သေရင် အုတ်ဂူမှာ "နောင်တစိုးစဉ်းမျှ မရဖူးသူ" လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။

၃၁။ ကြီကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန်တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိတယ်။
၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။
၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။
၃၄။ ကိုယ့် အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။
၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ဖြစ်ဖြစ် မရောက် ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။
၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။
၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။
၃၈။ ချစ်သူများနေ့ ပို့(စ်)ကဒ် တွေ အမြောက်အများကို "သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်" လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ပေးပါ။
၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။
၄၀။ မှတ်စုလေးတစ်အုပ် နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ယာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:၀၀ နာရီမှာ ပေါ်လာတတ်တယ်။

၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။
၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။
၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကားအတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။
၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။
၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။
၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။
၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။
၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။
၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေး ကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။
၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။

©Pat_Divilly

- မှတ်စုကြမ်း #kyawnge





မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

သင်ယူမှုဆိုသည်မှာ




သင်ယူမှုဆိုသည်မှာ
--------------------------
(အကျိုးရှိတဲ့စာမို့ ဖတ်စေချင်တယ်
မိတ်ဆွေတွေထံလည် Share ပေးကြပါ။)

ကျွန်တော်ဟာ သိပ်တော်တဲ့ ကျောင်းသားတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ပြောစမှတ် တွင်ရလောက်အောင်လဲ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပညာကို လိုလားငတ်မွတ်တဲ့စိတ်၊ ထက်သန်တဲ့စိတ် နဲ့ ခံယူချက်တွေကြောင့် နှစ်အကြာကြီး ကျောင်းသားဘဝကို ခံယူဖြစ်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာ သာမန် ကျောင်းသား/ကျောင်းသူ တစ်ယောက်အနေနဲ့ အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်းရိုးရိုးလေးတွေကို တင်ပြပေးသွားမှာပါ။
...
ပထမဆုံး စာဖတ်နည်းကို ဆွေးနွေးတင်ပြလိုပါတယ်။ ဖတ်စာအုပ်တွေကို လေ့လာမယ်ဆိုရင် ပထမဆုံး စာအုပ်ကို ရင်းနှီးအောင် လုပ်ရပါတယ်။ မရောက်ဘူးသေးတဲ့ မြို့တစ်မြို့ကို အကြမ်းဖျဉ်း လေ့လာရေး ဆင်းသလိုမျိုး စာမျက်နှာ စုံသလောက် ရှိအောင် ခပ်မြန်မြန် လှန်ဖတ်ကြည့်စေချင်ပါတယ်။ အဲဒီလို ဖတ်တဲ့ အခါမှာ ခေါင်းစဉ်တွေ၊ ရုပ်ပုံတွေ၊ ဇယားတွေ၊ ညီမျှခြင်းတွေကိုတော့ မြင်ဖူးအောင် နဲနဲအာရုံစိုက်ပြီး မှတ်သားစေချင်ပါတယ်။
...
နှစ်ခေါက်လောက် အဲဒီလို အကြမ်းဖျဉ်း ဖတ်ပြီးတဲ့အခါမှာ မာတိကာကို သေသေချာချာ ဖတ်ဖို့ အကြံပြုလိုပါတယ်။ မာတိကာဟာ စာအုပ်တစ်အုပ်အတွက် မြေပုံတစ်ခုလိုပါပဲ။ ကိုယ်သွားချင်တဲ့ နေရာတွေကို ထိထိရောက်ရောက် ခရီးဆက်နိုင်ဖို့ အကူအညီပေးပါတယ်။ မှတ်သားလိုတဲ့ စာမျက်နှာတွေကို bookmark တွေသုံးပြီး စနစ်တကျ မှတ်သားထားစေချင်ပါတယ်။ ကပ်ရ ခွာရ လွယ်ကူပြီး အရောင်စုံပါတဲ့ bookmark တွေကို ဆောင်ထားသင့်ပါတယ်။
...
စာအုပ်ကို တကယ်တမ်း ဖတ်တဲ့ အချိန်မှာ ကိုယ်စိတ်အဝင်စားဆုံး နေရာက စဖတ်နိုင်သလို အစမှ အဆုံး အစဉ်အတိုင်းလဲ ဖတ်ရှုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျောင်းစာအုပ်တွေနဲ့ နည်းပညာပိုင်းဆိုင်ရာ စာအုပ်တွေကို ဖတ်တဲ့အခါမှာ စာရေးသူအကြောင်း၊ အမှာစာနဲ့ မာတိကာတွေကို ဖတ်ပြီးတာနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာကနေ စဖတ်ဖြစ်ပါတယ်။ ဖတ်ရင်း ရှေ့က ဖေါ်ပြထားတဲ့ အကြောင်းအရာများကို သိဖို့ လိုအပ်လာမှ ရှာဖတ်လေ့ရှိပါတယ်။ အဲဒီလို ရွေးချယ်ဖတ်ဖို့အတွက် Index ကို သုံးပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာ ပါဝင်တဲ့ စာမျက်နှာတွေကို ရှာဖွေနိုင်ပါတယ်။ နောက်ဆုံး ကျမ်းကိုးစာရင်းထဲက ကိုးကားထားတဲ့ အခြားစာအုပ်၊ စာတမ်းတွေထဲက ကိုယ့်အတွက် အသုံးတည့်နိုင်မယ့် စာအုပ်တွေကို ခြေရာခံပြီး ရှာဖွေဖတ်ရှုခြင်းဖြင့် ပိုမိုပြည့်စုံတဲ့ သဘောတရားတွေကို နားလည်လာမှာ ဖြစ်ပါတယ်။
...
စာအုပ်ဖတ်ရင်းနဲ့ မှတ်သားသင့်တဲ့ အချက်များကို တွေ့ပြီဆိုရင် မှတ်စုထုတ်ရမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချက်အလက်များကို ကာလာဖြင့် highlight လုပ်ကာ မှတ်သားခြင်း၊ အောက်ခြေမှတ်စုများ footnote ထုတ်ခြင်း ပြုလုပ်သင့်ပါတယ်။ အချို့ကတော့ စာအုပ်တွေကို ဘာမှရေးသားမှတ်သားတာ မကြိုက်ကြပါဘူး။ ကျွန်တော်ကတော့ စာအုပ်ကို အသစ်အတိုင်းထားတာထက် နောက်တစ်ကြိမ် ပြန်ဖတ်တဲ့ အချိန်မှာ အရေးကြီးတဲ့ အချက်တွေကို ရွေးချယ်ဖတ်ရှုနိုင်ဖို့ သပ်သပ်ရပ်ရပ် မှတ်သားထားတာကို ပိုသဘောကျပါတယ်။ ဖြစ်နိုင်ရင် အကြောင်းအရာအလိုက် မှတ်စု စာအုပ်များမှာ စနစ်တကျ မှတ်သားထားရမှာ ဖြစ်ပါတယ်။ အတန်းကြီး ကျောင်းသားများနဲ့ တက္ကသိုလ်ကျောင်းသားများ အနေနဲ့ ကျောင်းသုံးဖတ်စာအုပ်များအပြင် အကြောင်းအရာတူပြီး ရှုဒေါင့်မတူတဲ့ အခြားစာအုပ်များကိုပါ ပူးတွဲ လေ့လာသင့်ပါတယ်။ ဒါကြောင့် မှတ်စုထုတ်တဲ့အခါမှာ ဘယ်စာအုပ်၊ ဘယ်ခေါင်းစဉ်၊ ဘယ်စာမျက်နှာမှာ ဘယ်လို ရေးထားတယ်ဆိုတာမျိုး အသေးစိတ်မှတ်သားထားပြီး အခြားစာအုပ်များမှာ ရေးသားထားချက်များနဲ့ နှိုင်းယှဉ်လေ့လာချက်များ ပြုလုပ်သင့်ပါတယ်။
...
နောက်တစ်ချက်က စာဖတ်ရင်း၊ စာရေးနည်းစနစ်ကိုပါ တစ်ပြိုင်တည်း လေ့လာကြစေချင်ပါတယ်။ ဘယ်လို စာမျိုးကို ဘယ်လို စတိုင်မျိုးနဲ့ ရေးရမယ်။ ဘယ်လို အစပျိုးရမယ်။ ဘယ်လို အဆုံးသတ်ရမယ် စသဖြင့် ရေးသားနည်း စနစ်များကိုသာမက သဒ္ဒါ၊ ဝါကျတည်ဆောက်ပုံ၊ စကားလုံး သုံးနှုန်းပုံများကိုပါ လေ့လာမှတ်သားသင့်ပါတယ်။ ကိုယ့်အတွက် ပြန်လည်ကိုးကားပြီး အသုံးချလို့ရနိုင်တဲ့ စာကြောင်း၊ စာပိုဒ်များကို အသေအချာ ကူးယူထားပြီး ပြန်လည်ရည်ညွှန်းဖို့အတွက် စာအုပ်အမည်၊ စာရေးဆရာ၊ ISBN၊ ထုတ်ဝေသည့်ခုနှစ် စသဖြင့် စနစ်တကျ မှတ်သားထားဖို့ လိုအပ်ပါတယ်။
...
ကျွန်တော်ရုရှမှာ ဘွှဲ့လွန်တက်စဉ်က နည်းပညာ စာတမ်းများကို ရေးသား ဖတ်ကြားခဲ့ရပါတယ်။ အင်မတန် ခက်ခဲတဲ့ အကြောင်းအရာတွေကို သူများ ဘာသာစကားနဲ့ ရှင်းပြဖို့ ရေးသားဖို့ဆိုတာ မလွယ်လှပါဘူး။ ကျွန်တော်က ဘာသာစကားသိပ်မထူးချွန်ပေမယ့် အကြံဥာဏ်ကောင်းတွေ ရှိလို့ အဆင်ပြေခဲ့ပါတယ်။ အထက်က ကျွန်တော်ပြောခဲ့ဖူးသလို သူများ စာတမ်းတွေကို ဖတ်ရင်း အသုံးများလေ့ရှိတဲ့ ရေးဟန်တွေကို စုဆောင်းခဲ့ပါတယ်။ စာတမ်းဖတ်ပွဲတွေကို နားထောင်ပြီးတော့လဲ တင်ပြပုံတွေကို ရေးမှတ်ထားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေးသား တင်ပြတဲ့ အချိန်မှာတော့ စုဆောင်းထားတဲ့ နမူနာတွေကို အကြောင်းအရာ ပြောင်းလဲပြီး ပြင်ဆင်ရေးသားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘယ်လို ရေးသား ပြောဆိုရမလဲဆိုတဲ့ အချက်ကို ဗျာများနေစရာ မလိုတော့ဘဲ အကြောင်းအရာပိုင်းကို အာရုံစိုက်နိုင်ခဲ့ပါတယ်။
...
ကျွန်တော့်အနေနဲ့ ကျောင်းသားတွေကို အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဘဝမှာ စာစီစာကုံးနဲ့ Essay တွေကို ကျွမ်းကျွမ်းကျင်ကျင် ရေးသားနိုင်အောင် လေ့ကျင့်ကြစေချင်ပါတယ်။ အဲဒီလို လေ့ကျင့်တဲ့ အချိန်မှာ သူများ ရေးသားထားသမျှကို အလွတ်မကျက်ဘဲ ရေးနည်းရေးဟန်ကိုသာ လေ့လာစေချင်ပါတယ်။ ဖြစ်နိုင်ရင် အကိုးအကား စာအုပ်စာတမ်းများ အသုံးပြုရုံမျှသာမက ကိုယ်ရေးသားမည့် အကြောင်းအရာကို မျက်မြင်ကိုယ်တွေ့ အချိန်ပေးလေ့လာပြီး ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းများ ရယူခြင်း၊ လူတွေ့ မေးမြန်းထားမှုများကိုပါ အသုံးချပြီး ကျကျနန ရေးသားကြစေချင်ပါတယ်။
...
ဒီနေ့ခေတ်မှာ Discovery channel အပါအဝင် တီဗီအစီအစဉ်ကောင်းများစွာကနေ အကြောင်းအရာပေါင်းစုံကို အလွယ်တကူ လေ့လာနိုင်ပါတယ်။ အင်တာနက်ကနေလဲ youtube၊ wikipedia စတဲ့ နေရာတွေကနေ လေ့လာနိုင်ပါတယ်။ ညီငယ်၊ ညီမငယ်တို့မှာ မှတ်မှတ်သားသား လုပ်တတ်တဲ့ အကျင့်လေးသာ ရှိနေမယ်ဆိုရင် စာစီစာကုံးနဲ့ Essay ရေးသားဖို့ဆိုတာ အရမ်းကို လွယ်ကူပါတယ်။ နောင်တစ်ချိန် အလုပ်ခွင်ထဲမှာ အစီရင်ခံစာ၊ proposal စသဖြင့် တင်ကြရတဲ့ အချိန်တွေမှာ အထက်က အလေ့အကျင့်ကောင်းလေးတွေက ညီငယ်၊ ညီမငယ်များကို အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။
...
ဒါ့အပြင် ညီငယ်၊ ညီမငယ်များ အနေနဲ့ ငယ်စဉ်ကထဲက နေ့စဉ်မှတ်တမ်း ရေးသားဖြစ်အောင် တိုက်တွန်းချင်ပါတယ်။ မြန်မာလူမျိုး အများစုဟာ မှတ်တမ်း ရေးသားမှု အပိုင်းမှာ အားနည်းကြတာကို သတိထားမိပါတယ်။ မှတ်တမ်းတွေ ရေးသားထားခြင်းဖြင့် ဘယ်စာအုပ်မှာမှ ရှာမရနိုင်တဲ့ ကိုယ့်ဘဝရဲ့ အကြောင်းအရာတွေကို တစ်စုတစ်စည်းတည်း မှတ်သားထားနိုင်မှာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းတွေထဲကနေ သင်ခန်းစာတွေ ပြန်ယူလို့ရသလို နောက်မျိုးဆက်သစ်တွေ အတွက်လည်း မှတ်သားစရာ အများကြီး ချန်ထားခဲ့နိုင်မှာပါ။ အနောက်တိုင်းသားတွေဟာ ဒီလို မှတ်တမ်းတွေကနေ သူတို့ရဲ့ အတွေ့အကြုံတွေကို တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းခဲ့ကြပြီး နယ်ချဲ့တဲ့အချိန်၊ ကုန်သွယ်တဲ့ အချိန်တွေမှာပါ အသုံးချခဲ့ကြတာကို သိရှိမှတ်သားရဖူးပါတယ်။
...
နောက်တစ်ခုက မှတ်တမ်းရေးသားရင်း ကိုယ့်ကိုယ်ကို မှန်ကြည့်သလို ပြန်ကြည့်ဖြစ်တဲ့အတွက် သုံးသပ်ဆင်ခြင်မိတဲ့ အကျိုးကျေးဇူးကို ရနိုင်ပါတယ်။ တနေ့တာ ကိုယ်တွေ့ကြုံရသမျှလေးကို နဲနဲချင်းမှတ်သားခဲ့ခြင်းဖြင့် တစ်နှစ်ကုန်ဆုံးတဲ့အချိန်မှာ အမှတ်ရစရာတွေ အများကြီး စုမိလာမှာပါ။ နောင်တစ်ချိန် ကိုယ်လိုအပ်လာလို့ ဆုံဖူးတဲ့ လူတွေ၊ အလုပ်အကိုင်တွေ၊ နေရာတွေ အကြောင်းကို အလွယ်တကူ ပြန်လည် ရှာထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို နေ့စဉ်မှတ်တမ်းမျိုးကနေ နောက်ပိုင်း အလုပ်ခွင်ဝင်ကြရတဲ့ အချိန်မှာ အလုပ်ခွင်မှတ်စု၊ နည်းပညာမှတ်စု စသဖြင့် အရာရာကို စနစ်တကျ မှတ်သားထားတဲ့ အကျင့်ကောင်းလေးကို ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ စာရေးခြင်း အတတ်ပညာနဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် စာရေးဆရာကောင်း တစ်ယောက် ဖြစ်လာဖို့အတွက် လမ်းစလဲ ဖြစ်နိုင်ပါသေးတယ်။
...
ဖြစ်နိုင်ရင်တော့ IT နည်းပညာကို ငယ်ငယ်ကထဲက လေ့လာပြီး ထိထိရောက်ရောက် အသုံးချတတ်စေချင်ပါတယ်။ အများကြီး တတ်ဖို့ မလိုပါဘူး။ အခြေခံကျကျ သေသေချာချာ တတ်ပြီး ထိထိရောက်ရောက် အသုံးချတတ်မယ်ဆိုရင် Microsoft Office Suit တစ်ခုတည်းနဲ့ အသက်မွေးလို့ရပါတယ်။ တော်တော်လဲကျယ်ပြန့်ပြီး ရုံးအလုပ်မှန်သမျှကို ထိထိရောက်ရောက်နဲ့ အဆင့်မြင့်မြင့် လုပ်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်က သင်တန်းတော်တော်များများမှာ အဲဒီလောက် အဆင့်အထိကို သင်ပေးတာ သိပ်မတွေ့ရပါဘူး။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် သေသေချာချာ လေ့လာရမှာ ဖြစ်ပါတယ်။
...
Office ကို စာစီစာရိုက်လုပ်ဖို့၊ စာရင်းဇယား အကြမ်းဖျင်းလုပ်ဖို့၊ Presentation လုပ်ဖို့ လောက်ပဲ သုံးရကောင်းမှန်း သိသေးရင် အဆုံးထိ ဆက်လေ့လာကြစေချင်ပါတယ်။ ကွန်ပျူတာကို သုံးပြီး မှတ်စု ကျကျနန ထုတ်တတ်အောင်၊ database တွေ ဆောက်ပြီး အချက်အလက်အမြောက်အများကို အလွယ်တကူ ဆက်စပ် ရှာဖွေ ကိုင်တွယ်တတ်အောင်၊ လုပ်ငန်းကြီး တစ်ခုကို စာရင်းအင်း အကျအန ပြုစုဖို့၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ဖို့၊ အစည်းအဝေးတွေ အတွက် စုပေါင်းပြင်ဆင်တာ၊ လုပ်ငန်းတွေကို ခွဲခြားလုပ်ကိုင်ပြီး ပြန်လည်ပေါင်းစပ်တာ စသဖြင့် တကယ်အသုံးတည့်တဲ့ နည်းလမ်းတွေကို ကွန်ပျူတာနဲ့ လုပ်တတ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
...
ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ သိရုံသိလို့ မရတော့တဲ့အတွက် သေသေချာချာ တတ်ကျွမ်းအောင် သင်ကြားကြစေချင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ သူငယ်တန်းကစပြီး တက္ကသိုလ်အထိ အင်္ဂလိပ်စာကို ဆယ်နှစ်ကျော် သင်ကြားရပေမယ့် သိပ်မထိရောက်တာကို သတိထားမိပါတယ်။ ကျွန်တော်ကိုယ်တိုင်က အင်္ဂလိပ်စာကို ဖတ်တာ၊ ဘာသာပြန်တာ နှစ်ခုပဲ ကောင်းကောင်းရပါတယ်။ ကျွန်တော့် ညီငယ်၊ ညီမငယ်များကိုတော့ ဘက်စုံက ထူးချွန်ကြစေချင်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ကျောင်းမှာ Native Speaker နဲ့ မသင်ကြရပေမယ့် အတတ်နိုင်ဆုံး မိမိဘာသာ လေ့လာနိုင်တဲ့ နည်းလမ်းတွေ ပေးပါ့မယ်။
...
အလွယ်ဆုံးနည်းကတော့ ရုပ်ရှင်နဲ့ လေ့ကျင့်ခြင်းပါ။ ဇာတ်ကား ကောင်းကောင်း၊ ဖြစ်နိုင်ရင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းအရာတွေကို ဆွေးနွေးချက်တွေ ပါတဲ့ ဇာတ်ကားများကို အင်္ဂလိပ်စာတန်းထိုးတစ်လှည့် မြန်မာ စာတမ်းထိုး တစ်လှည့် အကြိမ်ကြိမ် ကြည့်စေချင်ပါတယ်။ မြန်မာစာတမ်းတွေ ကို အလုံးစုံ အားမကိုးဘဲ အဘိဓာန် ဘေးမှာ ချထားပြီး တိုက်ဆိုင် စစ်ဆေးကာ လေ့လာစေချင်ပါတယ်။ ဇာတ်ကားကို အဓိက မကြည့်ဘဲ အသံထွက်၊ လေယူလေသိမ်း၊ ပြောဆိုသည့် စကားလုံးများကို မှတ်စုထုတ်ကာ မှတ်သားရင်း လေ့ကျင့်နိုင်ပါတယ်။ အကောင်းဆုံးက Discovery channel က လာတဲ့ အကြောင်းအရာတွေပါ။ နောက်တစ်ခုက သမ္မတတွေရဲ့ မိန့်ခွန်းတွေ၊ ပညာရှင်တွေ၊ စီးပွားရေးသမားတွေရဲ့ မိန့်ခွန်းနဲ့ စကားစစ်ထိုးတွေ ဖြစ်ပါတယ်။
...
အင်္ဂလိပ် သတင်းစာတွေကိုလဲ အင်တာနက်မှာ အခမဲ့ဖတ်ရှုနိုင်ပြီဖြစ်လို့ လေ့လာစရာတွေက များလွန်းလှပါတယ်။ ကိုယ်လေ့လာမိသမျှကို အင်္ဂလိပ်စာ လေ့လာနေတဲ့ သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဆွေးနွေး မေးမြန်းသင့်ပါတယ်။ သာဘာပြန်လေ့ကျင့်ဖို့အတွက်တော့ အင်္ဂလိပ် တစ်ကြောင်း၊ မြန်မာ တစ်ကြောင်း လေ့ကျင့် ဘာသာပြန်ဆိုကာ နားလည်တတ်ကျွမ်းသူများကို စစ်ဆေးခိုင်းသင့်ပါတယ်။ ကွန်ပျူတာ အသုံးပြုခွင့်ရမယ်ဆိုရင်တော့ Microsoft Encarta နဲ့ Britannica လိုမျိုး စွယ်စုံကျမ်းတွေကို ထည့်သွင်း ဖတ်ရှုစေချင်ပါတယ်။ အဲဒီလို လေ့လာရင်း ကိုယ်မသိသေးတဲ့ စကားလုံးတွေကို meaning ထုတ်ပြီး ကိုယ်ပိုင် အဘိဓာန် တစ်ခု စုဆောင်းထားကြစေချင်ပါတယ်။ နောင်တစ်ချိန်မှာ အဖိုးတန်လာမှာ သေချာပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီလို စုဆောင်းရင်း ရုရှ-အင်္ဂလိပ်-မြန်မာ လျှပ်စစ်အင်ဂျင်နီယာအဘိဓာန် တစ်အုပ်ကို ပြုစုနိုင်ခဲ့ပါတယ်။
...
ကျွန်တော့်အနေနဲ့ ညီငယ်၊ ညီမငယ်များကို အင်တာနက်သုံးပြီး ပညာရှာတတ်အောင် လေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။ အင်တာနက်မှာ အကြောင်းအရာ ပေါင်းစုံ ရှိပါတယ်။ အဖိုးမတန်တဲ့ အကြောင်းအရာပေါင်းစုံလည်း ပါဝင်ပါတယ်။ ကိုယ်က အသုံးချတတ်ရင် အင်တာနက်ဟာ တက္ကသိုလ်ကြီး တစ်ခုလိုပါပဲ။ အသုံးမချတတ်ရင်တော့ အညှီအဟောက်တွေ၊ ဒုစရိုက်တွေနဲ့ အချိန်ဖြုန်းတဲ့ နေရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ အင်တာနက်ကနေ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများကို ရှာကြစေချင်ပါတယ်။ အင်တာနက်မှာ အခမဲ့ သင်ယူလို့ရတဲ့ အွန်လိုင်း တက္ကသိုလ်တွေ ရှိပါတယ်။ ပညာတော်သင် အခွင့်အရေးတွေလည်း ရှိနိုင်ပါတယ်။ ဒါကို လေ့လာပြီး အသုံးချတတ်အောင် ကြိုးစားကြရမှာပါ။ နိုင်ငံခြားကို ငွေကြေး အမြောက်အများ အကုန်ခံပြီး ကျောင်းသွားတက်စရာ မလိုဘဲနဲ့ ပြည်တွင်းကနေ တက္ကသိုလ်ကြီးတွေက ဆရာကောင်းတွေ သင်ပေးနေတဲ့ သင်ခန်းစာတွေကို youtube ကနေ တစ်ဆင့် လေ့လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ အဲဒီ သင်ခန်းစာတွေကို နားလည်နိုင်မယ့် အင်္ဂလိပ်စာ အခြေခံရယ်၊ အင်တာနက်ရယ် ရနိုင်မယ်ဆိုရင် ဘာမဆို လေ့လာလို့ ရနိုင်ပြီ ဖြစ်ပါတယ်။
...
နိဂုံးချုပ်အနေနဲ့ ညီငယ်၊ ညီမငယ်များကို မဖြစ်နိုင်ဘူးဆိုတာတွေ မပြောကြစေချင်ဘဲ၊ ဖြစ်အောင်လုပ်မယ့် စိတ်ဓာတ်တွေ မွေးကြဖို့ တိုက်တွန်းလိုပါတယ်။ "ငါတို့မှာ ဘာမှ မရှိဘူး၊ အင်တာနက်မကောင်းဘူး၊ ပိုက်ဆံ မတတ်နိုင်ဘူး" စသဖြင့် စိတ်ပျက်မနေကြဘဲ ရသမျှ resources၊ ရသမျှ နည်းလမ်းတွေသုံးပြီး ကိုယ်လက်လှမ်းမီရာ လေ့လာသင်ယူကြစေချင်ပါတယ်။ စုပေါင်း ဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်းကိုလည်း ကျောင်းသားဘဝမှာ စတင် ကျင့်သုံးကြစေချင်ပါတယ်။ အထက်က ပြောခဲ့တဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းလေ့လာကြမယ်ဆိုရင် အလွယ်တကူ ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။
...
Sharing is caring ဆိုတဲ့ စကားအတိုင်း ကိုယ်သိတာကို ပြန်လည်ဝေမျှပေးဖို့ လိုအပ်ပါတယ်။ တတ်လာတဲ့ ပညာမှန်သမျှကိုလည်း လိုအပ်နေတဲ့ နေရာတိုင်းမှာ လက်တွေ့ အသုံးချနိုင်ဖို့ ကြိုးစားကြရဦးမှာပါ။ လက်တွေ့ အသုံးမချနိုင်သေးတဲ့ ပညာမှန်သမျှ မပြည့်စုံသေးဘူးဆိုတာကို သဘောပေါက်ကြစေချင်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ မိမိတို့မှာ တခြား အရင်းအနှီး မပြည့်စုံခဲ့ရင်တောင် ရိုးသားခြင်းကို အရင်းအနှီးတစ်ခုအဖြစ် အသုံးချပါလို့ မှာချင်ပါတယ်။ ညီငယ်၊ ညီမငယ်များ အားလုံး အနာဂတ်ရဲ့ မျိုးဆက်သစ်တွေအနေနဲ့ အစစ အရာရာ ဘက်စုံထူးချွန်ပြီး နိုင်ငံအကျိုး၊ မိမိအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ကွယ်။
...
Dr. အောင်ဝင်းထွဋ်
ပြင်ဦးလွင်မြို့
(Green Hacker Studio)

From- ကျောက်သင်ပုန်း



မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

ဝင်စတန်ချာချီ



ချာချီ၊ ဆာဝင်စတန်၊လင်းနတ်၊စပင်ဆာ(ခရစ် ၁၈၇၄ဖွား)

ဗြိတိန်နိုင်ငံ နိုင်ငံပြုသုခမိန်နှင့် ကျမ်းပြုဆရာ ဝင်စတန်ချာချီသည် အဘလော့ရန်းဒေါ့ချာချီနှင့် အမိအမေရိကန်သူ ဂျင်နီဂျရုံးတို့မှ ခရစ် ၁၈၇၄ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဟယ်ရိုကျောင်းနှင့် ဆင်းဟတ်စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် စစ်ဘက်သို့ ဝင်ရောက်အမှုထမ်းသည်။ ထိုနှစ်တွင်ပင် စစ်တပ်မှ ခွင့်ခံ၍ ရရှိသည့်အားလပ်ချိန်တွင် ကျူးဘားကျွန်းသို့ သွားရောက် အမှုထမ်းသည်။ ထိုနှစ်တွင်ပင် စစ်တပ်မှ ခွင့်ခံ၍ ရရှိသည်အားလပ်ချိန်တွင် ကျူးဗားကျွန်းသို့ သွားရောက်၍ စပိန်တို့အား တော်လှန်တိုက် ခိုက်နေသော ကျူးဘားစစ်ပွဲများတွင် စစ်သတင်းထောက်အဖြစ်ဖြင့် သတင်းယူရင်း လည်ပတ်ခဲ့သည်။ ၁၈၉၆ ခုနှစ် တွင် အိန္ဒိယပြည်သို့ သွားရောက် စစ်မှုထမ်းရသည်။ ထိုစဉ်အတွင်း အိန္ဒိယအနောက် မြောက်နယ်စပ်တွင် ဆူပူထကြွမှုများ ဖြစ်သောကြောင့် မလကန်စစ်ဆင်ရေးမြေပြင်တပ်ဖွဲ့ကို ဗြိတိသျှတို့က ဖွဲ့စည်း၍ နှိမ်နင်းရန် လွှတ်သည်တွင် ချာချီသည် သူ၏တပ်မှ ခွင့်ယူ၍ တစ်ဖန် အင်္ဂလိပ်သတင်းစာများအတွက် စစ်သတင်းထောက် အဖြစ်ဖြင့် လိုက်ပါသွားလေသည်။ ဤအခါတွင်မူ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရသည်ကို ကြုံခဲ့လေသည်။ ချာချီသည် သူ၏တပ်သို့ ပြန်လည်အမှုထမ်းရသောအခါ မလကန် စစ်ဆင်ရေးမြေပြင်တပ်ဖွဲ့အကြောင်း မှတ်တမ်းတင်စာအုပ်ကို ရေးသားထုတ်ဝေရာ၊ လူကြိုက်များလေသည်။ ၁၈၉၈ ခုတွင် လည်း အင်္ဂလန်ပြည်၌ ခွင့်နှင့်နေစဉ်၊ ဆူဒန်ပြည်၌ ဒါးဗစ်များ ထကြွနေသည်ကို နှိမ်နင်းရန် ဗိုလ်ချုပ်မှူးကစ်ချနာသည် နိုင်းမြစ်ကို ဆန်တက်၍ စစ်တပ်ချီရာ စစ်သတင်းထောက်အဖြစ် နှင့်ပင် လိုက်ပါသွားသည်။ ထိုစဉ်က ကြုံတွေ့ခဲ့သမျှကို မြစ်ကြောင်းစစ်ပွဲ (သီရီးဗားဝေါ)အမည်ဖြင့် မှတ်တမ်းတင် စာအုပ်တအုပ် ရေးလိုက်ပြန်သည်။ အီဂျစ်မှ ပြန်လာပြီးနောက် ၁၈၉၉ ခုနှစ်တွင် စစ်ဖက်မှ နုတ်ထွက်ခဲ့လေသည်။ ၁၈၉၉ ခုနှစ်မှ ၁၉ဝဝ ပြည့်နှစ်အထိ တောင်အာဖရိကတိုက် ဗိုးဝါး စစ်ပွဲတွင် မောနင်းပို့သတင်းစာအတွက် စစ်သတင်းထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုးဝါးတို့၏ လက်ရဖမ်းဆီးခြင်းကို တစ်ခါခံလိုက်ရသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့လေသည်။
ဆာ ဝင်စတန် ချာချီ

၁၉ဝဝ ပြည့်နှစ်တွင် အင်္ဂလန်ပြည်သို့ ပြန်လာခဲ့ပြီးလျှင် အိုဒမ်နယ်မှ ကွန်ဆားဗေးတစ်ပါတီဝင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရသည်မှစ၍ ချာချီသည် နိုင်ငံရေးသမား ဖြစ်လာ ခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင်၊ ဂျိုးဇက်ချိန်ဗာလိန်၏ ဆိပ်ကမ်းခွန် တိုးတက်ကောက်ခံရေးအဆိုများကို ချာချီသည် အပြင်းအထန် ကန့်ကွက် ၍ ကွန်ဆားဗေးတစ်ပါတီမှ ထွက်လိုက်သည်။ ၁၉ဝ၆ ခုနှစ်တွင် အနောက်မြောက် မန်ချက်စတာနယ်မှ လစ်ဗရယ်အဖွဲ့ ဝင် လွှတ်တော်အမတ်အဖြစ် ပြန်လည်ရွေးကောက်ခြင်း ခံခဲ့ရ ပြန်သည်။ ၁၉ဝ၆ ခုနှစ်တွင် ချာချီသည် လစ်ဗရယ်ဝန်ကြီးချုပ် ကင်းဗဲဗန်းနားမန်း၏ အစိုးရအဖွဲ့တွင် ကိုလိုနီနယ်များဆိုင်ရာ ပါလီမန် ဝန်ကလေးအဖြစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ၁၉ဝ၈ ခုနှစ် တွင် ဝန်ကြီးချုပ်သစ် အက်စကွစ်လက်အောက်တွင် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဖြစ်လာခဲ့လေသည်။ ချာချီသည် အသက် ၃၄ နှစ်တွင် ဝန်ကြီးရာထူးကို ပထမ ၅ ဦး ထွန်းကား၏။ ၁၉၁ဝ ခုနှစ်တွင် ချာချီသည် ပြည်ထဲရေးဝန်ကြီးရာထူးကို ပြောင်းလွဲလက်ခံသည်။ ၁၉၁၁ ခုနှစ်တွင် ဂျာမနီပြည်နှင့် စစ် ဖြစ်မည့်အရိပ်အယောင်များ ပေါ်လာရာ၊ ရေတပ်ဝန်ကြီးအဖြစ် ဖြင့် ပြောင်းလွှဲ အမှုထမ်းရပြန်သည်။ ရေတပ်ဝန်ကြီးအဖြစ်ဖြင့် ချာချီသည် ရေတပ်ကို တိုးချဲ့၍ လက်နက်ကိရိယာများ ပြည့်စုံအောင် တပ်ဆင်စေသည်။ ရေတပ်ဌာနချုပ် စစ်ဦးစီး အဖွဲ့ကိုလည်း ဖွဲ့စည်းသည်။ ရေတပ်သင်္ဘော(၂ သန်း)ဖိုးမျှ အင်္ဂလိုပါးရှင်ရေနံကုမ္ပဏီတွင် အစိုးရအရင်းအနှီး မြှုပ်ခဲ့စေ၏။

ဤကား ချာချီ၏ အမြော်အမြင်ကြီးမှုတစ်ရပ်ပင်တည်း။ ၁၉၁၄ ခုနှစ် နွေရာသီတွင် ရိုးရိုးရေတပ် လေ့ကျင့်ခဏ်းများအစား ရေတပ်ကို တိုက်ပွဲအတွက် အဆင်သင့်ပြုလုပ်ခြင်းကို စမ်းသပ် ခဲ့ရာ၊ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် ဗြိတိသျှရေတပ်သည် ချက်ခြင်း တိုက်ပွဲဝင်နိုင်ခဲ့၏။ ထို့ကြောင့် ထိုစစ်ကြီးတွင် ဂျာမနီ ရှုံး၍ ဗြိတိန်နှင့် မဟာမိတ်တို့ အနိုင်ရခြင်းမှာ ချာချီ၏ အမြော် အမြင်ရှိမှု၊ ထကြွနိုးကြားမှု၏ကျေးဇူးတစ်ရပ်ဟု ဆိုနိုင်ပေသည်။ သို့ရာတွင် ၁၉၁၅ ခုနှစ်တွင်၊ ရန်သူတူရကီနယ်ဖြစ်သော ဒါးဒနဲရေလက်ကြား ကမ်းပေါ်သို့ ဗြိတိသျှနှင့် အင်ပိုင်ယာတပ် များ တက်ရောက်တိုက်ခိုက်ရန် ချာချီက ရေတပ်ဝန်ကြီးအဖြစ် ဖြင့် စီစဉ်ခဲ့ရာ၊ ဗြိတိသျှတပ်များ မရှုမလှရှုံး၍ တပ်လန်ခဲ့ သည်။ ထိုအခါ ဝိုင်းဝန်း အပြစ်တင်ခြင်းကို ခံရပြီးလျှင်၊ ချာချီ၏တန်ခိုး မှိန်သွားသည်။ ထိုအခိုက်တွင် လစ်ဗရယ် ပါတီအစိုးရသည် ကွန်ဆားဗေးတစ်ပါတီနှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလိုရာ၊ ကွန်းဆားဗေးတစ်ပါတီ ခေါင်းဆောင် ဗိုနာလောက ချာချီကို ရေတပ်ဝန်ကြီးရာထူးမှ ပယ်ရှားပေးရမည်ဟု တောင်းဆိုလိုက်လေသည်။ ထိုတောင်း ဆိုချက်အတိုင်း ဝန်ကြီးချုပ် အက်စကွစ်က ချာချီအား ဝန် ကလေးရာထူးတစ်ခုဖြစ်သော လက်ကက်စတာနယ်မှူးအဖြစ်သို့ ပြောင်းလွှဲလိုက်၏။

ထိုသို့ ဝန်ကြီးမှ ဝန်ကလေးအဖြစ်သို့ ရာထူးအပြောင်းခံ ရသော ချာချီသည် ၁၉၁၅ ခု နိုဝင်ဘာလတွင် ရာထူးမှ နုတ် ထွက်ပြီးလျှင် ဗဲလဂျီယမ်စစ်မျက်နှာသို့ သွားရောက်၍ ဒုတိယ ဗိုလ်မှူးကြီးအဖြစ်ဖြင့် စစ်မှုထမ်း ပြန်သည်။

၁၉၁၆ ခုနှစ်ကုန်ခါနီးတွင် ပါလီမန်သို့ တစ်ဖန်ပြန်လာ ပြီးလျှင် ၁၉၁၇ ခုနှစ်တွင် ဝန်ကြီးချုပ်သစ် လွိုက်ဂျော့က ချာချီအား လက်နက်တိုက်ဝန်ကြီးအဖြစ် ခန့်လိုက်၏။ ၁၉၁၉ ခု၊ စစ်ကြီးပြီးဆုံးသောအခါ ချာချီသည် စစ်ဝန်ကြီး ဖြစ်လာ၍ ၁၉၂၁ ခုနှစ်တွင် ကိုလိုနီနယ်များဆိုင်ရာ ဝန်ကြီး ဖြစ်လာ သည်။ ၁၉၂၂ ခုနှစ် ရွေးကောက်ပွဲတွင် လစ်ဗရယ်ပါတီမှ နုတ် ထွက်၍ ပါလီမန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရသည်။ ၁၉၂၄ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ (ရွှေတိုက် စိုးဝန်ကြီး) ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထမ်းရွက်သည်။ ၁၉၃၁ ခုနှစ်တွင် ဖွဲ့စည်းသော အမျိုးသားအစိုးရအဖွဲ့တွင်မူ အိန္ဒိယ ပြည်အရေး၊ လက်နက်တပ်ဆင်ရေး၊ ချိန်ဗာလိန်၏ ဟစ်တလာ ကို လိုက်လျောရေးဝါဒတို့နှင့် စပ်လျဉ်း၍ ချာချီသည် ကွန်ဆားဗေးတစ်တို့နှင့် သဘောကွဲလွဲမှုကြောင့် ပါဝင်ခွင့် မရခဲ့ချေ။

၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသော အခါ ချာချီသည် ရေတပ်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရ ပြန်သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ်ဖြင့် ထမ်းရွက်သည်။ ထိုစဉ်က ညွန့်ပေါင်းအစိုးရကို ဦးစီးရွက်ဆောင်ခဲ့သော ချာချီအား စစ်ဆင်မှုရေးရာ၌ ကျွမ်းကျင်သူ နိုင်ငံရေးသုခမိန်အဖြစ် ကမ္ဘာက အသိအမှတ် ပြုခဲ့ရလေသည်။

၁၉၄၁ ခုနှစ် ဩဂုတ်လတွင် ချာချီသည် သမ္မတ ရူးဇဗဲ့ နှင့် ဗြိတိန်၏ စစ်ရည်ရွက်ချက်များကို ထုတ်ဖော်သော အတ္တလန္တိတ်စာတမ်းကို လက်မှတ်ထိုး ကျေညာခဲ့၏။ ထိုနှစ် ဒီဇင်ဘာလတွင် ဂျပန်က စစ်ကျေညာပြီးနောက် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာစစ်ထဲသို့ ပါဝင်လာရာ အမေရိကန် ကွန်ဂရက် လွှတ်တော်အား ချာချီသည် မိန့်ခွန်းပြောကြားခဲ့ လေသည်။ ချာချီသည် ဝါရှင်တန်၊ ကာဆာဗလန်ကာ၊ ကိုင်ရို၊ မောစကိုနှင့် တဟီရန်းမြို့များသို့ သွားရောက်၍ မဟာမိတ် စစ်ဆင်ရေးအတွက် မဟာမိတ်ရှေ့တန်းခေါင်းဆောင်ကြီးများ နှင့် တွေ့ဆုံဆွေးနွေးခဲ့လေသည်။ မဟာမိတ်တို့ စစ်အောင်နိုင် ရေးတွင် ချာချီသည် အရေးပါဆုံး ဆောင်ရွက်ခဲ့သည်ဟုပင် အဆိုရှိလေသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ရူးဇဗဲ့၊ စတာလင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုနှစ် မေလ ၈ ရက်နေ့တွင် ဂျာမနီသည် ခြွင်းချက်မရှိ လက်နက်ချကြောင်း ကျေညာခဲ့၏။ ထိုလထဲတွင် ညွန့်ပေါင်းအစိုးရကို ဖျက်သိမ်း သော ကွန်ဆားဗတစ်များ၏ အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လ ရွေးကောက်ပွဲကြီးတွင် ကွန်ဆားဗတစ်များ အရေးနိမ့် သောကြောင့် ချာချီသည် ရာထူးမှ နုတ်ထွက်လိုက်ရသည်။ ထို့နောက် အတိုက်အခံခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့၏။ ၁၉၄၆ ခုနှစ်တွင် အောဒါးအော့မဲရစ်ခေါ် ဘွဲ့ဖြင့် ချီးမြှင့် ခြင်းခံခဲ့ရသည်။

၁၉၅ဝ ပြည့်နှစ် ရွေးကောက်ပွဲကြီးတွင် ချာချီခေါင်း ဆောင်သော ကွန်ဆားဗေးတစ်ပါတီသည် သိုးကာ သီကာဖြင့် တစ်ဖန် ရှုံးနိမ့်ခဲ့ရသော်လည်း ၁၉၅၁ ခုနှစ်တွင်ကား အနိုင်ရ ခဲ့သဖြင့် ချာချီသည် ဝန်ကြီးချုပ် ဖြစ်ပြန်လေသည်။ ၁၉၅၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ချာချီသည် ဆာဘွဲ့ဖြင့် သူကောင်းပြု ခြင်းကို ခံရသည်။ ချာချီသည် ၁၉၅၃ ခုနှစ် နိုဗဲဆုကို လက်ခံ ရရှိသည်။ အသက် ၈၁ နှစ်ရှိပြီးဖြစ်သော ချာချီသည် ၁၉၅၅ ခု၊ ဧပြီလ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက် အနားယူလိုက်လေသည်။

ချာချီသည် နိုင်ငံပြုသုခမိန်အဖြစ်လည်းကောင်း၊ အပြော အဟောကောင်းသူအဖြစ်လည်းကောင်း၊ ထင်ရှားရုံမျှမက စာရေး ဆရာအဖြစ်နှင့်လည်း ရှေ့တန်းမှလိုက်ခဲ့သူ ဖြစ်လေသည်။ သူ ပထမဆုံး ရေးခဲ့သော စာအုပ်များမှာ သူပါဝင်ဆင်နွဲခဲ့ရသော စစ်ပွဲများအကြောင်း စာအုပ်များ ဖြစ်၏။ ၁၉ဝ၆ ခုနှစ်တွင် ထုတ်ဝေခဲ့သော သူ့ဖခင်၏ အတ္တုပ္ပတ္တိမှာ ကျော်ကြားလှ၏။ သူ၏ ကမ္ဘာ့အရေးတကြီး အခြေအနေ (သီဝါးခရိုက်ဆစ်)ခေါ် စာအုပ် (၄ အုပ်တွဲ)မှာ ပထမကမ္ဘာစစ်သမိုင်းပင် ဖြစ်၏။ မာလဗာရာခေါ် စာအုပ်မှာ အထင်ရှားဆုံးလက်ရာ ဖြစ်သည်။ သူ၏မိန့်ခွန်းများကို စုပေါင်းထုတ်ဝေသော စာအုပ်များလည်း ရှိသည့်အပြင် ဒုတိယကမ္ဘာစစ်ကြီး မှတ်တမ်း (ဝေါမင်မွာ)ကို ၁၉၄၈ ခုနှစ်က ထုတ်ဝေခဲ့လေသည်။ ချာချီပြုစုရေးသားသော အောင်မြင်မှုနှင့် ဆုံးရှုံးမှုများ (ထရိုင်းအန့်အင်ထရက်ဂျက်စီ) စာအုပ်မှာ ၁၉၅၃-၅၄ ခုအတွက် အရောင်းရဆုံး စာအုပ် တစ်အုပ် ဖြစ်ခဲ့သည်။

ချာချီသည် ပန်းချီပညာတွင်လည်း လက်မြောက်သူတစ်ဦး ဖြစ်ရကား ၁၉၄၇ ခုနှစ်တွင် သူရေးဆွဲသော ပန်းချီကား ၂ ချပ်၊ ၁၉၄၈ ခုနှစ်တွင် ၃ ချပ် တော်ဝင်အနုပညာတံခွန်အသင်း တွင် ချိတ်ဆွဲခံရ၍ ချာချီအား လည်း ၁၉၄၈ ခုနှစ်တွင်ပင် ယင်းအသင်းသို့ ဂုဏ်ထူးဆောင်တော်ဝင်အနုပညာကျော်အဖြစ် ရွေးချယ် တင်မြှောက်၍ ချီးကျူးခြင်းခံရလေသည်။

Credit- မြန်မာအွန်လိုင်းစာအုပ်စင်


မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

Wednesday, August 3, 2016

ကစိပတ်ဆိုပဲ




#ကစိပတ်

“အဘွား ‘ကစိပတ်’ ကျွန်တော့်မှာ ကင်းပါသည်။” (ဆန်းထွန်း - မန်းတက္ကသိုလ်)

ဆည်မြောင်းဌာနပိုင် မူးဘောင်ကနေ ဓာတ်တိုင်ကားကြီး ဖြတ်မောင်းခွင့်ရဖို့ စာတင်ရတာရယ်, ထရန်စဖော်မာ တည်ဆောက်ခွင့်ရဖို့ လျှပ်စစ်ရုံးကို စာတင်ရတာရယ်, တစ်နာရီခွဲကားနှင့် ရန်ကုန်ပြန်ရမှာရယ်ကြောင့် နေ့ဆွမ်းကို လမ်းဘေးလက်ဘက်ရည်ဆိုင်ရာ အပြေးအလွှား ဘုဉ်းပေးရတယ်။ ဆွမ်းစားပြီးလို့ ဖန်ဆိမ့်လေးရယ် ရူဘီလေးရယ် ဖေ့ဘုတ်လေးရယ်နဲ့ ထမင်းလုံး စီနေချိန်မှာ ဆိုင်ပိုင်ရှင် နေလင်းသန့်ကလည်း သူ့သမီးလေး နေခြည်လင်းဆက်ကို ထမင်းခွံ့နေတယ်။ ပိုက်ဆံရှိသားသမီးများကြတော့လည်း ပလီတတ်သာ။ ဒီအရွယ်ကြီးထိ ထမင်းခွံ့နေရဆဲ။ တို့များ ငယ်ငယ်က နှစ်တန်းကျောင်းသားဘဝ ထန်းသီးခွဲစားလို့ လက်ကို ဓားထိဖူးပြီ။ မလျှော်တတ် လျှော်တတ်နဲ့ ကိုယ့်ဘောင်းဘီ ကိုယ်လျှော်ဝတ်နေပြီ။ နွားချည်းကြုံး။ ရေခပ်။ အမှိုက်လှည်း။ ထမင်းပို့။ အကြွေးတောင်း။ နေခြည်အရွယ်မှာ အတော်လုပ်တတ်နေပြီ။

အံ့သြမှုတို့ဖြင့် နေလင်းသန့်က နေခြည်ကို ထမင်းခွံ့နေတာ စူးစူးစိုက်စိုက် ကြည့်နေမိတယ်။ နေလင်းသန့်က ရိပ်မိပုံပေါ်တယ်။
“ဦးဇင်း သဘောကျနေတာလား”
“ဟာ မဟုတ်ပါဘူးကွာ၊ နေခြည့်ကို ဒီအရွယ်ထိ ထမင်းခွံ့ရတုန်းလား”
“ခွံ့မကျွေးလို့ သူ့ဘာသာ စားရင် တစ်လုပ် နှစ်လုပ် ဝါးပြီး “ဝပြီး ဝပြီ”ဆိုပြီး ထ,ထပြေးတာ”
“သြော”
“ထမင်းကို ဝအောင် မစားတော့ သရေစာတွေ လျှောက်စားတာ၊ ကြာတော့ အရိုးပေါ် အရေတင်လေး ဖြစ်လာရော”
“သြော”

ငတ်အောင် ပစ်ထားလိုက်။ ဗိုက်ဆာလာရင် စားမှာပဲလို့တော့ အကြံမပေးမိပါဘူး။ နို့  ကိုယ်က သားထောက် သမီးခံမရှိတဲ့ ရဟန်း။ ဒီသံယောဇဉ်တွေ မေတ္တာသရုပ်တွေကို ဘယ်ခံစားတတ်ပါ့မလဲ။ နေလင်းသန့်က သူ့ရင်နှစ်သည်းချာ သမီးရတနာလေးကိုး။ သားတို့ရုပ်ရည် သီတာမြည်သားတဲ့။ နေခြည် ထမင်းမစားလို့ အာဟာရချို့တဲ့ရင် မိဘတွေခမျာ နှလုံးစိတ်ဝမ်း ဘယ်ငြိမ်းချမ်းပါ့မလဲ။ ဖခင်မေတ္တာ ရေကြည်ချမ်းမြ။ နေလင်းသန့်ဆိုတာ ကွန်ပြူတာမာစတာဘွဲ့ရ။ သူ့သမီးလေး နေခြည်လင်းဆက်က နှစ်တန်းကျောင်းသူ။ ဒီအဖေနှင့် ဒီသမီးရဲ့ ထမင်းခွံ့နေတဲ့ မေတ္တာပေါင်းကူး သရုပ်ဖော်ပုံလေးကြည့်ပြီး ဟင်္သတထွန်းရင် “မိသားစုကန်တော့ပွဲ”သီချင်းက နားထဲကြားယောင်လာတယ်။ ကြားယောင်တာမှ ကိုထွန်းရင်က ဦးဇင်းဘေး လာထိုင်ဆိုနေသလိုပဲ . . . . .

“သီတာရေ တစ်ပေါက်ကလေး ကျရုံမျှနှင့်
မိဘတို့ဝမ်း မငြိမ်းချမ်းပေ

ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
ဝါးဖတ်တော် ကစီနှစ်နှင့် လူဖြစ်အောင်ကျွေး

မှတ်,ခြင်,ယင် မသန်းရအောင်
ပင်ပန်းကြီးစွာ မြွေးမြူရပေ”

ခဏလေး။ ခဏလေး။ ပြန်ဆိုစမ်း။ ပြန်ဆိုစမ်း။ ခုနသီချင်း ပြန်ဆိုစမ်း။
“ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
ဝါးဖတ်တော် ကစီနှစ်နှင့် လူဖြစ်အောင်ကျွေး”

နောက်တစ်ခေါက်
“ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
ဝါးဖတ်တော် ကစီနှစ်နှင့် လူဖြစ်အောင်ကျွေး”

သီချင်းထဲမှာပါတဲ့ “ဝါးဖတ်တော် ကစီနှစ်”ဆိုတဲ့ စကားသံ ကြားလိုက်တာနဲ့ အထက်ဆုံးမှာ ရေးခဲ့တဲ့ ဆရာကြီး ဆန်းထွန်း(မန်းတက္ကသိုလ်)ရဲ့ “သက်ရှည်သော်လည်း ဘုန်းမကြီး”ဆိုတဲ့ ဆောင်းပါးထဲမှာ ပါတဲ့ “အဘွား ‘ကစိပတ်’ ကျွန်တော့်မှာ ကင်းပါသည်။”ဆိုတာကို ချက်ခြင်း သတိရသွားတယ်။ “ကစိပတ်”ဆိုတာ ဝါးဖတ်တော် ကစီနှစ်ကိုများ အဓိပ္ပါယ်တစ်မျိုးများ ပြောလေသလား။ အတွေးတွေက ရပ်မရတော့။ ကစီ။ ကစီနှစ်။ ကစိပတ်။ ကစီဓာတ်။ ကစီရည်။ ထမင်း။ ကော်ရည်။

ကစိပတ်ရဲ့ အဓိပ္ပါယ်ကို တိတိကျကျနားမလည်ပါ။ သူများ သုံးနှုန်းပြောဆိုသည်ကိုလည်း တစ်ခါမှ မကြားဘူးပါ။ ကစိပတ်။ ဘာတုန်း ကစိပတ်။ မေ့မေ့ပျောက်ပျောက် ဖြစ်နေသော “ကစိပတ်”ကို ရှာပုံတော်ဖွင့်နေမိသည်။ ဒေါက်တာခြံရှင်းကို မေးဖူးသည်။
“ဘုန်းကြီးတို့ ဘက်မှာ “ကစိပတ်” “ဂဇိဘတ်”လို့ သုံးတာ ကြားဖူးလား”
ကြားဖူးသတဲ့။ “ငါတို့ကတော့ ‘ဂဇိဘတ်’ကင်းတယ်”လို့ ပြောရင် ကြွေးတိုမြီးစကင်းတယ်လို့ ဆိုလိုတာတဲ့။ သဲလွန်စတော့ ရပြီ။ “ကစိပတ်” အဓိပ္ပါယ် အတိအကျဖွင့်ထားတဲ့ အဘိဓာန်များ ရှိလေမလား။ ရှေးဟောင်းမြန်မာစာရေးထုံးတွေနှင့် ပတ်သက်ရင် ဆရာကြီးယုဒသန်ရဲ့ “မြန်မာ-အင်္ဂလိပ် အဘိဓာန်”က အားအကိုးရဆုံးပါပဲ။ သူ့အဘိဓာန်မှာ ဖွင့်ထားတာက

“ကစိပတ်, n. a debt for food; ကြွေး။ မြီ။ မိဘစားသောက်သော ကြွေးမြီကစိပတ်များကို ကျွန်ုပ်ကချည်း ခံရသည်”

ဟုတ်ပြီ။ အဓိပ္ပါယ်တော့ သိရပြီ။ ကြွေးမြီကို “ကစိပတ်”လို့ ခေါ်တာပဲ။ “အဘွား ‘ကစိပတ်’ ကျွန်တော့်မှာ ကင်းပါသည်။” ဆရာကြီးဦးဆန်းထွန်းက သူ့အဘွား ဒေါ်ငွေအပေါ် မရိုမသေ မလုပ်ခဲ့ဘူး၍ ကျေးဇူးကန်းခြင်း ကင်းပါသည်။ ကျေးဇူးကြွေးကင်းပါသည်လို့ ဆိုလိုတာကိုး။ မင်းနှင့် ငါနှင့် ဒီချိန်ကစပြီး ကစိပတ်ပြတ်ပြီ။ မင်းနှင့် ငါနှင့် ဘာကျေးဇူးစား ကျေးဇူးခံမှ မရှိတော့ဟု ဆိုလိုသည်။ ဟုတ်ပါပြီ။ ဒါဆို ဘာကြောင့် ကြွေးမြီကို ကစိပတ်လို့ ခေါ်ရတာလဲ။

စဉ်းစားမိတာပေါ့လေ။ ထမင်းကို ကြေညက်စွာ မဝါးနိုင်သေးတဲ့ သားသမိးကို ကျွေးမွေးဖို့ မိဘပါးစပ်နှင့် ဝါးထားတဲ့ ထမင်းကို ကစီ(starch)ဓာတ် ကြွယ်ဝလို့ “ကစီ”လို့ ခေါ်တယ်။  ရှေးခေတ်ကတော့ နို့မှုန့်ဘာညာ မပေါ်သေးတော့ မိဘဝါးဖတ်ကစီကိုပဲ ရေနှင့် ထပ်ဖျော်ထားတာကို “ကစီနှစ်”လို့ ခေါ်တယ်။ မိဘဝါးဖတ်ကိုတော့ ကစီဖတ်။ တလုပ်စားဖူး သူ့ကျေးဇူးဆိုသည့်အတိုင်း ကစီဖတ် စားခဲ့ဖူးတာကို တင်စားသောအားဖြင့် ကစီဖတ်>ကနေ “ကစိပတ်”လို့ ဖြစ်လာလေသလား။ ကစီဖတ်>ကစိပတ်။ ကျေးဇူးရှိသူတို့အပေါ် ကျေးဇူးကြွေးကျန်တာကို ကစိပတ်ကျန်တယ် ကစိပတ်တင်တယ်။ အထူးသဖြင့် မိဘ, ညီအစ်ကို, မောင်နှမ, ဆွေးမျိုးသားချင်းတို့အပေါ် ပြုသင့်ပြုထိုက်သော ကျေးဇူးတရားကို အကျေမဆပ်ခဲ့သူကို ကစိပတ်တင်သူ။ ကစိပတ်မကင်းသူ။

ရမ်းချလို့ ဖြစ်သေပါဘူးလေ။ ပျို့ဟောင်း လင်္ကာဟောင်းလေးတွေထဲ ရှာကြည့်ဦးမှပါ။ ရှေးဟောင်းပျို့ကဗျာဆိုတာကလည်း အကုန် ဘယ်ဖတ်နိုင်ပါ့မလဲ။ ဖတ်ဖူးသည့်တိုင် မှတ်မိဖို့ ဘယ်လွယ်ပါ့မလဲ။ ဤသည်တော့ တွေ့မိသမျှ ကစိပတ်တွေက -

စာမနှံ့ ကျမ်းမစုံတာကြောင့် ကြွေးမြီကို “ကစိပတ်”လို့ ရေးတာ ဆရာယုဒသန်ရယ်, ဆရာဦးဆန်းထွန်းရယ်ပဲ တွေ့တယ်။ အခြားအခြားသော ပျို့ကဗျာတွေမှာ “ခဆီးပတ်”တဲ့။

“နစ်ဆင်းပြန်လတ်၊ #ခဆီးပတ်ဟု၊ မမြတ်ယုတ်မာ၊ ကျူးလွန်စွာသည်၊ မိစ္ဆာပြစ်လေး၊ သင့်ဒဏ်ဘေးနှင့်၊ မိုက်ကြွေးမြောင်းမြီ၊ မလွတ်ပြီသို့” (မဃဒေဝ -၂၃၂)
“ငရဲကြီး၌၊ #ခဆီးပတ်ဖြေ၊ ခံရထွေလည်း” (ငရဲခန်း - ၁၂၃)
“#ခဆီးပတ်ဟု၊ အိမ်မှုလျှော်ဒဏ်” (တင်းသင်းပေါရာဏလင်္ကာ - ၂)
“နှုတ်ပြစ်လက်မှုကြောင့် ကြေးငွေကုန်ကျလျှင်လည်း ထိုကုန်ကျရသော ကြေး၏အတွက်ကို ဝေပုံတွင် ခုနှိမ်ခွဲဝေ၊ #ခဆီးပတ်ရှိလျှင်လည်း အစုတွင် တွက်၍ ယူစေ” (ကွန်ချာဓမ္မသတ် - ၁၉၉)
“သူနုပ်နှင့်သာလျှင် စီရင်ရာ၏။ မိဘပေါက်ဖေါ်တို့ မစီရင်ရ။ #ခဆီးပတ်မျှဖြစ်၍ လျော်ရန် မရခဲ့တတ်သော် ချင်းတို့တွင်သာ ကျွန်ပြုခြင်း ရောင်းခြင်းစသည်ကို ပြုပိုင်ချေ၏” (ဝဏ္ဏဓမ္မ ဓမ္မသတ်  - ၅၈၄)

အထက်က ကိုးကားပြတဲ့ သာဓကတွေမှာတော့ ကစိပတ်ကို ခဆီးပတ်လို့ ရေးပါတယ်။ လာပြန်ပြီ။ ကြွေးမြီကို ဘာလို့ ခဆီးပတ်လို့ ခေါ်တာလည်း ဆိုတော့ ဆရာကြီးဦးအုန်းရွှေ ယူဆပြတာကတော့ ပုဂံခေတ်ကျောက်စာတွေမှာ ခါးဆီး(အဝတ်ပုဆိုး, ထမီ)ကို ခဆီးလို့ ရေးသတဲ့။ ခဆီးပတ်> ခါးမှာ စီးပတ်ထားသော အဝတ်အစား။ ခါးဝတ် ခါးစား။ ထိုကဲ့သို့ ခါးဝတ် ခါးစား အဝတ်အစားကြောင့် ဝတ်မှု စားမှုကြောင့် တင်သော ကြွေးမြီးကို ဥပစာ(တင်စားသောအားဖြင့်) ခဆီးပတ်လို့ ခေါ်သတဲ့။

ကစီပတ်ဟု ခေါ်သည် ဖြစ်စေ ခဆီးပတ်ဟု ခေါ်သည်ဖြစ်စေ သေချာသည်ကတော့ ကြွေးမြီပါပဲ။ အမေတို့ အဖေတို့ ဝါးဖတ်လေးနှင့် လူဖြစ်လာရတယ်။ အမေတို့ အဖေတို့ ကစိပတ်တွေ သားသမီးပေါ်မှာ တင်နေခဲ့ပြီ။

“သီတာရေ တစ်ပေါက်ကလေး ကျရုံမျှနှင့်
မိဘတို့ဝမ်း မငြိမ်းချမ်းပေ

ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
ဝါးဖတ်တော် ကစီနှစ်နှင့် လူဖြစ်အောင်ကျွေး

မှတ်,ခြင်,ယင် မသန်းရအောင်
ပင်ပန်းကြီးစွာ မြွေးမြူရပေ”

သြော်. . . .   .    .
လူဖြစ်အောင် မွေးရတာ မလွယ်သားပါလားကွယ်ရို့။


မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......


မကြာသေးခင်က တင်ခဲ့တဲ့နည်းက ပေ့ခ်ျတွေကနေ Report လုပ်တဲ့နည်းပါ ။ အခု ပရိုဖိုင်းတွေကနေ ရီပို
့လုပ်နည်းကို ပြန်တင်ပေးလိုက်ပါတယ် ။ ဒီမနက်မက်ဆေ့ထဲမှာ ပေ့ခ်ျတစ်ခုကို Report လုပ်ပေးဖို့အတွက်
ပေးပို့ထားတာတွေ့ရပါတယ် ။
ဘာသာရေး အဓိကရုဏ်းဖြစ်စေဖို့သက်သက်နဲ့ စော်ကားဖို့ သက်သက် အတွက် ဖွင့်ထားတဲ့ပေ့ခ်ျဖြစ်ပါတယ် ။

ပထမဆုံး Report လုပ်ချင်တဲ့ လင့်ကိုသွားပါ

ပုံမှာပြထားတဲ့အတိုင်း like ဘေးက setting လေးကိုနှိပ်ပါ

Why are you reporting this Page ? ဆိုပြီးပေါ်လာမယ်

တစ်ခုခုကိုရွေးပြီး Continue ကိုနှိပ်ပါ

ဥပမာ - Report လုပ်တဲ့နေရာမှာ I think it shouldn't be on Facebook ရွေးပြီး Hate speech ကိုထပ်ရွေးပြီး Targets a religious Group လို့ရွေးရင် ပိုပြီး ထိရောက်ပါလိမ့်မယ် ..လို့ မန်ဘာတစ်ဦးကအကြံဥာဏ်ပေး
ထားပါတယ် ကြိုးစားရအောင် ။




မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......