Search This Blog

Wednesday, August 3, 2016

ကစိပတ်ဆိုပဲ




#ကစိပတ်

“အဘွား ‘ကစိပတ်’ ကျွန်တော့်မှာ ကင်းပါသည်။” (ဆန်းထွန်း - မန်းတက္ကသိုလ်)

ဆည်မြောင်းဌာနပိုင် မူးဘောင်ကနေ ဓာတ်တိုင်ကားကြီး ဖြတ်မောင်းခွင့်ရဖို့ စာတင်ရတာရယ်, ထရန်စဖော်မာ တည်ဆောက်ခွင့်ရဖို့ လျှပ်စစ်ရုံးကို စာတင်ရတာရယ်, တစ်နာရီခွဲကားနှင့် ရန်ကုန်ပြန်ရမှာရယ်ကြောင့် နေ့ဆွမ်းကို လမ်းဘေးလက်ဘက်ရည်ဆိုင်ရာ အပြေးအလွှား ဘုဉ်းပေးရတယ်။ ဆွမ်းစားပြီးလို့ ဖန်ဆိမ့်လေးရယ် ရူဘီလေးရယ် ဖေ့ဘုတ်လေးရယ်နဲ့ ထမင်းလုံး စီနေချိန်မှာ ဆိုင်ပိုင်ရှင် နေလင်းသန့်ကလည်း သူ့သမီးလေး နေခြည်လင်းဆက်ကို ထမင်းခွံ့နေတယ်။ ပိုက်ဆံရှိသားသမီးများကြတော့လည်း ပလီတတ်သာ။ ဒီအရွယ်ကြီးထိ ထမင်းခွံ့နေရဆဲ။ တို့များ ငယ်ငယ်က နှစ်တန်းကျောင်းသားဘဝ ထန်းသီးခွဲစားလို့ လက်ကို ဓားထိဖူးပြီ။ မလျှော်တတ် လျှော်တတ်နဲ့ ကိုယ့်ဘောင်းဘီ ကိုယ်လျှော်ဝတ်နေပြီ။ နွားချည်းကြုံး။ ရေခပ်။ အမှိုက်လှည်း။ ထမင်းပို့။ အကြွေးတောင်း။ နေခြည်အရွယ်မှာ အတော်လုပ်တတ်နေပြီ။

အံ့သြမှုတို့ဖြင့် နေလင်းသန့်က နေခြည်ကို ထမင်းခွံ့နေတာ စူးစူးစိုက်စိုက် ကြည့်နေမိတယ်။ နေလင်းသန့်က ရိပ်မိပုံပေါ်တယ်။
“ဦးဇင်း သဘောကျနေတာလား”
“ဟာ မဟုတ်ပါဘူးကွာ၊ နေခြည့်ကို ဒီအရွယ်ထိ ထမင်းခွံ့ရတုန်းလား”
“ခွံ့မကျွေးလို့ သူ့ဘာသာ စားရင် တစ်လုပ် နှစ်လုပ် ဝါးပြီး “ဝပြီး ဝပြီ”ဆိုပြီး ထ,ထပြေးတာ”
“သြော”
“ထမင်းကို ဝအောင် မစားတော့ သရေစာတွေ လျှောက်စားတာ၊ ကြာတော့ အရိုးပေါ် အရေတင်လေး ဖြစ်လာရော”
“သြော”

ငတ်အောင် ပစ်ထားလိုက်။ ဗိုက်ဆာလာရင် စားမှာပဲလို့တော့ အကြံမပေးမိပါဘူး။ နို့  ကိုယ်က သားထောက် သမီးခံမရှိတဲ့ ရဟန်း။ ဒီသံယောဇဉ်တွေ မေတ္တာသရုပ်တွေကို ဘယ်ခံစားတတ်ပါ့မလဲ။ နေလင်းသန့်က သူ့ရင်နှစ်သည်းချာ သမီးရတနာလေးကိုး။ သားတို့ရုပ်ရည် သီတာမြည်သားတဲ့။ နေခြည် ထမင်းမစားလို့ အာဟာရချို့တဲ့ရင် မိဘတွေခမျာ နှလုံးစိတ်ဝမ်း ဘယ်ငြိမ်းချမ်းပါ့မလဲ။ ဖခင်မေတ္တာ ရေကြည်ချမ်းမြ။ နေလင်းသန့်ဆိုတာ ကွန်ပြူတာမာစတာဘွဲ့ရ။ သူ့သမီးလေး နေခြည်လင်းဆက်က နှစ်တန်းကျောင်းသူ။ ဒီအဖေနှင့် ဒီသမီးရဲ့ ထမင်းခွံ့နေတဲ့ မေတ္တာပေါင်းကူး သရုပ်ဖော်ပုံလေးကြည့်ပြီး ဟင်္သတထွန်းရင် “မိသားစုကန်တော့ပွဲ”သီချင်းက နားထဲကြားယောင်လာတယ်။ ကြားယောင်တာမှ ကိုထွန်းရင်က ဦးဇင်းဘေး လာထိုင်ဆိုနေသလိုပဲ . . . . .

“သီတာရေ တစ်ပေါက်ကလေး ကျရုံမျှနှင့်
မိဘတို့ဝမ်း မငြိမ်းချမ်းပေ

ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
ဝါးဖတ်တော် ကစီနှစ်နှင့် လူဖြစ်အောင်ကျွေး

မှတ်,ခြင်,ယင် မသန်းရအောင်
ပင်ပန်းကြီးစွာ မြွေးမြူရပေ”

ခဏလေး။ ခဏလေး။ ပြန်ဆိုစမ်း။ ပြန်ဆိုစမ်း။ ခုနသီချင်း ပြန်ဆိုစမ်း။
“ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
ဝါးဖတ်တော် ကစီနှစ်နှင့် လူဖြစ်အောင်ကျွေး”

နောက်တစ်ခေါက်
“ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
ဝါးဖတ်တော် ကစီနှစ်နှင့် လူဖြစ်အောင်ကျွေး”

သီချင်းထဲမှာပါတဲ့ “ဝါးဖတ်တော် ကစီနှစ်”ဆိုတဲ့ စကားသံ ကြားလိုက်တာနဲ့ အထက်ဆုံးမှာ ရေးခဲ့တဲ့ ဆရာကြီး ဆန်းထွန်း(မန်းတက္ကသိုလ်)ရဲ့ “သက်ရှည်သော်လည်း ဘုန်းမကြီး”ဆိုတဲ့ ဆောင်းပါးထဲမှာ ပါတဲ့ “အဘွား ‘ကစိပတ်’ ကျွန်တော့်မှာ ကင်းပါသည်။”ဆိုတာကို ချက်ခြင်း သတိရသွားတယ်။ “ကစိပတ်”ဆိုတာ ဝါးဖတ်တော် ကစီနှစ်ကိုများ အဓိပ္ပါယ်တစ်မျိုးများ ပြောလေသလား။ အတွေးတွေက ရပ်မရတော့။ ကစီ။ ကစီနှစ်။ ကစိပတ်။ ကစီဓာတ်။ ကစီရည်။ ထမင်း။ ကော်ရည်။

ကစိပတ်ရဲ့ အဓိပ္ပါယ်ကို တိတိကျကျနားမလည်ပါ။ သူများ သုံးနှုန်းပြောဆိုသည်ကိုလည်း တစ်ခါမှ မကြားဘူးပါ။ ကစိပတ်။ ဘာတုန်း ကစိပတ်။ မေ့မေ့ပျောက်ပျောက် ဖြစ်နေသော “ကစိပတ်”ကို ရှာပုံတော်ဖွင့်နေမိသည်။ ဒေါက်တာခြံရှင်းကို မေးဖူးသည်။
“ဘုန်းကြီးတို့ ဘက်မှာ “ကစိပတ်” “ဂဇိဘတ်”လို့ သုံးတာ ကြားဖူးလား”
ကြားဖူးသတဲ့။ “ငါတို့ကတော့ ‘ဂဇိဘတ်’ကင်းတယ်”လို့ ပြောရင် ကြွေးတိုမြီးစကင်းတယ်လို့ ဆိုလိုတာတဲ့။ သဲလွန်စတော့ ရပြီ။ “ကစိပတ်” အဓိပ္ပါယ် အတိအကျဖွင့်ထားတဲ့ အဘိဓာန်များ ရှိလေမလား။ ရှေးဟောင်းမြန်မာစာရေးထုံးတွေနှင့် ပတ်သက်ရင် ဆရာကြီးယုဒသန်ရဲ့ “မြန်မာ-အင်္ဂလိပ် အဘိဓာန်”က အားအကိုးရဆုံးပါပဲ။ သူ့အဘိဓာန်မှာ ဖွင့်ထားတာက

“ကစိပတ်, n. a debt for food; ကြွေး။ မြီ။ မိဘစားသောက်သော ကြွေးမြီကစိပတ်များကို ကျွန်ုပ်ကချည်း ခံရသည်”

ဟုတ်ပြီ။ အဓိပ္ပါယ်တော့ သိရပြီ။ ကြွေးမြီကို “ကစိပတ်”လို့ ခေါ်တာပဲ။ “အဘွား ‘ကစိပတ်’ ကျွန်တော့်မှာ ကင်းပါသည်။” ဆရာကြီးဦးဆန်းထွန်းက သူ့အဘွား ဒေါ်ငွေအပေါ် မရိုမသေ မလုပ်ခဲ့ဘူး၍ ကျေးဇူးကန်းခြင်း ကင်းပါသည်။ ကျေးဇူးကြွေးကင်းပါသည်လို့ ဆိုလိုတာကိုး။ မင်းနှင့် ငါနှင့် ဒီချိန်ကစပြီး ကစိပတ်ပြတ်ပြီ။ မင်းနှင့် ငါနှင့် ဘာကျေးဇူးစား ကျေးဇူးခံမှ မရှိတော့ဟု ဆိုလိုသည်။ ဟုတ်ပါပြီ။ ဒါဆို ဘာကြောင့် ကြွေးမြီကို ကစိပတ်လို့ ခေါ်ရတာလဲ။

စဉ်းစားမိတာပေါ့လေ။ ထမင်းကို ကြေညက်စွာ မဝါးနိုင်သေးတဲ့ သားသမိးကို ကျွေးမွေးဖို့ မိဘပါးစပ်နှင့် ဝါးထားတဲ့ ထမင်းကို ကစီ(starch)ဓာတ် ကြွယ်ဝလို့ “ကစီ”လို့ ခေါ်တယ်။  ရှေးခေတ်ကတော့ နို့မှုန့်ဘာညာ မပေါ်သေးတော့ မိဘဝါးဖတ်ကစီကိုပဲ ရေနှင့် ထပ်ဖျော်ထားတာကို “ကစီနှစ်”လို့ ခေါ်တယ်။ မိဘဝါးဖတ်ကိုတော့ ကစီဖတ်။ တလုပ်စားဖူး သူ့ကျေးဇူးဆိုသည့်အတိုင်း ကစီဖတ် စားခဲ့ဖူးတာကို တင်စားသောအားဖြင့် ကစီဖတ်>ကနေ “ကစိပတ်”လို့ ဖြစ်လာလေသလား။ ကစီဖတ်>ကစိပတ်။ ကျေးဇူးရှိသူတို့အပေါ် ကျေးဇူးကြွေးကျန်တာကို ကစိပတ်ကျန်တယ် ကစိပတ်တင်တယ်။ အထူးသဖြင့် မိဘ, ညီအစ်ကို, မောင်နှမ, ဆွေးမျိုးသားချင်းတို့အပေါ် ပြုသင့်ပြုထိုက်သော ကျေးဇူးတရားကို အကျေမဆပ်ခဲ့သူကို ကစိပတ်တင်သူ။ ကစိပတ်မကင်းသူ။

ရမ်းချလို့ ဖြစ်သေပါဘူးလေ။ ပျို့ဟောင်း လင်္ကာဟောင်းလေးတွေထဲ ရှာကြည့်ဦးမှပါ။ ရှေးဟောင်းပျို့ကဗျာဆိုတာကလည်း အကုန် ဘယ်ဖတ်နိုင်ပါ့မလဲ။ ဖတ်ဖူးသည့်တိုင် မှတ်မိဖို့ ဘယ်လွယ်ပါ့မလဲ။ ဤသည်တော့ တွေ့မိသမျှ ကစိပတ်တွေက -

စာမနှံ့ ကျမ်းမစုံတာကြောင့် ကြွေးမြီကို “ကစိပတ်”လို့ ရေးတာ ဆရာယုဒသန်ရယ်, ဆရာဦးဆန်းထွန်းရယ်ပဲ တွေ့တယ်။ အခြားအခြားသော ပျို့ကဗျာတွေမှာ “ခဆီးပတ်”တဲ့။

“နစ်ဆင်းပြန်လတ်၊ #ခဆီးပတ်ဟု၊ မမြတ်ယုတ်မာ၊ ကျူးလွန်စွာသည်၊ မိစ္ဆာပြစ်လေး၊ သင့်ဒဏ်ဘေးနှင့်၊ မိုက်ကြွေးမြောင်းမြီ၊ မလွတ်ပြီသို့” (မဃဒေဝ -၂၃၂)
“ငရဲကြီး၌၊ #ခဆီးပတ်ဖြေ၊ ခံရထွေလည်း” (ငရဲခန်း - ၁၂၃)
“#ခဆီးပတ်ဟု၊ အိမ်မှုလျှော်ဒဏ်” (တင်းသင်းပေါရာဏလင်္ကာ - ၂)
“နှုတ်ပြစ်လက်မှုကြောင့် ကြေးငွေကုန်ကျလျှင်လည်း ထိုကုန်ကျရသော ကြေး၏အတွက်ကို ဝေပုံတွင် ခုနှိမ်ခွဲဝေ၊ #ခဆီးပတ်ရှိလျှင်လည်း အစုတွင် တွက်၍ ယူစေ” (ကွန်ချာဓမ္မသတ် - ၁၉၉)
“သူနုပ်နှင့်သာလျှင် စီရင်ရာ၏။ မိဘပေါက်ဖေါ်တို့ မစီရင်ရ။ #ခဆီးပတ်မျှဖြစ်၍ လျော်ရန် မရခဲ့တတ်သော် ချင်းတို့တွင်သာ ကျွန်ပြုခြင်း ရောင်းခြင်းစသည်ကို ပြုပိုင်ချေ၏” (ဝဏ္ဏဓမ္မ ဓမ္မသတ်  - ၅၈၄)

အထက်က ကိုးကားပြတဲ့ သာဓကတွေမှာတော့ ကစိပတ်ကို ခဆီးပတ်လို့ ရေးပါတယ်။ လာပြန်ပြီ။ ကြွေးမြီကို ဘာလို့ ခဆီးပတ်လို့ ခေါ်တာလည်း ဆိုတော့ ဆရာကြီးဦးအုန်းရွှေ ယူဆပြတာကတော့ ပုဂံခေတ်ကျောက်စာတွေမှာ ခါးဆီး(အဝတ်ပုဆိုး, ထမီ)ကို ခဆီးလို့ ရေးသတဲ့။ ခဆီးပတ်> ခါးမှာ စီးပတ်ထားသော အဝတ်အစား။ ခါးဝတ် ခါးစား။ ထိုကဲ့သို့ ခါးဝတ် ခါးစား အဝတ်အစားကြောင့် ဝတ်မှု စားမှုကြောင့် တင်သော ကြွေးမြီးကို ဥပစာ(တင်စားသောအားဖြင့်) ခဆီးပတ်လို့ ခေါ်သတဲ့။

ကစီပတ်ဟု ခေါ်သည် ဖြစ်စေ ခဆီးပတ်ဟု ခေါ်သည်ဖြစ်စေ သေချာသည်ကတော့ ကြွေးမြီပါပဲ။ အမေတို့ အဖေတို့ ဝါးဖတ်လေးနှင့် လူဖြစ်လာရတယ်။ အမေတို့ အဖေတို့ ကစိပတ်တွေ သားသမီးပေါ်မှာ တင်နေခဲ့ပြီ။

“သီတာရေ တစ်ပေါက်ကလေး ကျရုံမျှနှင့်
မိဘတို့ဝမ်း မငြိမ်းချမ်းပေ

ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
ဝါးဖတ်တော် ကစီနှစ်နှင့် လူဖြစ်အောင်ကျွေး

မှတ်,ခြင်,ယင် မသန်းရအောင်
ပင်ပန်းကြီးစွာ မြွေးမြူရပေ”

သြော်. . . .   .    .
လူဖြစ်အောင် မွေးရတာ မလွယ်သားပါလားကွယ်ရို့။


မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment