Search This Blog

Tuesday, August 2, 2016

လယ်သမားသားနဲ့ မြွေရဲ့အမြီး


လယ်သမားသားနဲ့ မြွေရဲ့အမြီး (အီစွပ်ပုံပြင်)

တနေ့မှာ လယ်သမားတယောက်ရဲ့ အချစ်ဆုံးသားလေးက မြွေတစ်ကောင်ကို မတော်တဆတက်နင်းမိရာကနေ မြွေပေါက်ခံရပြီး ကောင်လေးသေဆုံးသွားတယ်။
သားဖြစ်သူသေသွားလို့ ဒေါသထွက်နေတဲ့ ဖခင်လယ်သမားက ပုဆိန်တစ်လက်နဲ့ သူ့သားကိုကိုက်သတ်သွားတဲ့ မြွေကိုလိုက်ရှာပြီး သတ်ဖို့လုပ်ရာမှာ မြွေရဲ့အမြီးကိုပဲ ခုတ်ဖြတ်မိသွားတယ်။

အသက်မသေပဲ လွတ်သွားတဲ့မြွေက လက်စားပြန်ချေဖို့အတွက် လယ်သမားပိုင်ဆိုင်တဲ့ ကျွဲနွားတိရစ္ဆာန်တွေကို သေဆုံးအောင် လိုက်ပေါက်သတ်ပြန်တယ်။
ဒါနဲ့ နောက်ဆုံး လယ်သမားလည်း မြွေနဲ့စစ်ပြေငြိမ်းတာ အကောင်းဆုံးပဲဆိုပြီး အစားအစာနဲ့ပျားရည်တွေ ယူလာပြီး
“အရာအားလုံးကို ခွင့်လွှတ်ပေးပြီး မေ့ပစ်လိုက် ကြစို့၊ မင်းကို တက်နင်းမိလို့ ငါ့သားကို အပြစ်ပေးတာမှန်တယ်၊ ငါက မင်းအမြီးကို ဖြတ်မိတဲ့အတွက် ငါ့ကျွဲနွားတိရစ္ဆာန်တွေကို မင်းသတ်တာလည်း မှန်ပါတယ်။ ဒီတော့ ငါတို့တွေ ကျေအေးပြီး သင့်သင့်မြတ်မြတ် နေကြရအောင်” လို့ မြွေကို ပြောတယ်။
 အဲဒီမှာ မြွေက “ အသင်လယ်သမား သင့်လက်ဆောင်တွေကို ပြန်ယူသွားလိုက်ပါ။ အချိန်ကြာလာတဲ့အခါ ငါတို့နှစ်ဦးကြားမှ ရန်ငြိုးများမှာ ကျေပျက်ကောင်း ကျေပျက်နိုင်သော်လည်း အခြားကလေးငယ်များကိုမြင်တိုင်း သင့်သား၏သေဆုံးမှုကို သင်မေ့နိုင်မှာ မဟုတ်သလို အခြားမြွေများ၏ အမြီးကို မြင်တိုင်း ငါ့အမြီးဆုံးရှုံးရမှုကိုလည်း ငါ တသက်လုံး မေ့ပစ်နိုင်မှာ မဟုတ်ပါဘူး ”လို့ ပြန်ပြောလိုက်ပါတယ်။

ကိုယ်အရမ်းချစ်ရတဲ့သူရဲ့ သစ္စာဖောက်တာကို ခံရတာတို့၊ အကြောင်းမဲ့ ချန်ထားခဲ့တာကို ခံရတာမျိုးတို့ဆိုတာလည်း ဒီပုံပြင်ထဲက သားကို ဆုံးရှုံးရတဲ့ လယ်သမားနဲ့ အမြီးဆုံးရှုံးသွားတဲ့ မြွေရဲ့ခံစားချက်လိုပဲ။

အချိန်တွေ ကြာလာတဲ့အခါ ခွင့်လွှတ်ပေးကောင်း ပေးနိုင်ပေမယ့် မေ့ပျောက်ပစ်လိုက်ဖို့တော့ မလွယ်ကူတဲ့ ခံစားမှုမျိုး…
တိုက်ဆိုင်မှု တခုတလေပေါ်လာရင်ပဲ ပြန်ပြန်သတိရပြီး နာကျင်နေရတတ်တာမျိုးပဲ …။

###


မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment