Search This Blog

Tuesday, August 2, 2016




♨️နိဗ္ဗာန်ကလဲ ဒီမိုကရေစီလိုပါပဲလား♨️
♨️♨️♨️♨️♨️♨️♨️♨️♨️♨️♨️

{ဒီလိုဆို..နိဗ္ဗာန်ကလဲ ဒီမိုကရေစီလိုပါပဲလား၊
"ဘယ်သူသေသေ ငတေမာပြီးရော"လုပ်နေလို့လဲမရနိုင်၊
"အစာငတ်ခံဆန္ဒပြ"နေရုံနဲ့လဲ မရနိုင်ဘူးပေါ့}တဲ့။
                                      (လူငယ်လေးတစ်ဦး)
ဒီခေတ်လူငယ်တွေကို လျှော့တွက်လို့ မရဘူး။

("လျှော့မတွက်ဘဲ သူတို့ပြောတာလက်ခံလိုက်ပါ"လို့ ဆိုချင်တာတော့ မဟုတ်ပါဘူး၊
ဘယ်ကိစ္စမဆို ကိုယ်တွေတုန်းက မစဉ်းစားခဲ့မိတာတွေကို
သူတို့က ဖောက်ပြီး မြင်တတ်,တွေးတတ်ထာကို
အလေးထား အသိအမှတ်ပြုပေးရမယ်-လို့ပြောချင်တာပါ။)

မနေ့ညက "အာဇာနည်တို့ လာရာလမ်း"အကြောင်းဟောတော့-
ဘုရားအလောင်း ဖြတ်သန်းခဲ့တဲ့ အစွန်းတရားနှစ်ပါးကို
ရှင်းပြရတယ်။

ပထမ-"ကာမသုခလ္လိကာနုယောဂ"ဆိုတာ
"အဝိဇ္ဇာ,တဏှာ ဒွေမူလ"ဆိုတဲ့အတိုင်း သံသရာအစကတည်းက လက်ခံကျင့်သုံးခဲ့တဲ့
"မပြောင်း မလဲ ရပ်နေတဲ့အစွန်းတရား"ကြီးဖြစ်လို့
"တရားသေကြီး"ဖြစ်တယ်၊
ဘဝကို တိုးတက်ပြောင်းလဲအောင်မစွမ်းဆောင်နိုင်ဘဲ
ကြာလေနစ်လေဖြစ်တတ်လို့-
"ရပ်နေရင် နစ်မယ်"လို့ ဆိုရတဲ့အကြောင်း..။

အလောင်းတော်ဟာ "ကပိလဝတ်"နန်းတော်ကို ကြောခိုင်းခဲ့ပြီး
"ဥရုဝေလ"တောရောက်တဲ့အခါ အရင့်အရင်က မြို့ရွာစွန့်ခွာခဲသူတို့ထုံးစံအတိုင်း "မြို့ရွာဆန့်ကျင်တော်လှန်ရေး"အကျင့်ကို လိုက်ကျင့်တယ်။
မြို့ရွာနေသူတို့က "ကာမသုခလ္လိကာနုယောဂ"နဲ့ နစ်နေကြတာကို ဆန့်ကျင်ပြီး အာရုံတွေကို အစွမ်းကုန်စွန့်ဖို့
ကြိုးစာတော့တယ်။

"မြို့ရွာဝါဒ"က အာရုံငါးပါး ရှာဖွေ,သိမ်းပိုက်,ခံစားမှုပြိုင်ကြတာ။
တရားသည်ဖြစ်စေ..,မတရားသည်ဖြစ်စေ..
များများရှာဖွေသိမ်းပိုက်နိုင်သူ"လူချမ်းသာ"ဖြစ်ထာပဲ။

"ဥရုဝေလ(အာရညက)"ဝါဒကလဲ
အာရုံငါးပါးကို စွန့်နိုင်မှုခြင်းပြိုင်ကြတာပဲ၊
တရားသည်ဖြစ်စေ..,မတရားသည်ဖြစ်စေ..
များများစွန့်နိုင်သူက"သူတော်စင်"ပဲ။
လူကိုးဆယ်ရာနှုံးလောက်က ဒီလိုပဲသတ်မှတ်တယ်တဲ့၊
"လုခပမာဏိက"ပေါ့။(ပဉ္စပကရဏ-၈၀)

("တရားသည်ဖြစ်စေ"ဆိုတာက အာဠာရ,ဥဒက-တို့လို
လူကြီးလူကောင်းဆန်တဲ့ ဂိုဏ်းဆရာကြီးတွေပေါ့။
"မတရားသည်ဖြစ်စေ"ဆိုတာက ခါးဝတ်တောင်မကပ်တော့တဲ့ မက္ခလိ-စသည်တို့လိုဂုဏ်းဆရာကြီးများပေါ့။)

အစွန့်ပြိုင်ပွဲမှာ သူ့ထက်ငါ စွန့်ရင်း..စွန့်ရင်းက
အစာငတ်ခံကြတဲ့အဆင့်ထိ ရောက်သွားကြတာ၊
အစာငတ်ပြီး"သေလောင်းမြောင်းဝ"သာရောက်သွားကြတယ် ၊ မသေရာတရားထူးနဲ့က အဝေးကြီး၊
မသေရာရှာရင်း သေရွာပါမသွားတာတောင် ကံကြီးပေလို့။

ဒီအစွန်းတရားကတော့-
"ကာမာဝစရဘုံသား"ဆိုတာ-အာရုံငါးပါး ကာမဂုံတရားတို့ရဲ့အထောက်အပံ့ရမှသာ သက်ရှင်ရပ်တည်နိုင်သူများ
ဖြစ်ပါလျက် အာရုံငါးပါးကို ရုန်းထွက်ကူးပြောင်းဖို့
ကြိုးစားနေကြတာဖြစ်လို့..
"ကူးနေသူများ"လို့ ဆိုရတယ်။
ဒုစရိုက်အပြစ်မရှိလို့ အပါယ်ဒုဂ္ဂတိမနစ်ရပေမယ့်
သံသရာခရီးရပ်တန့်ရာ နိဗ္ဗာန်နဲ့မနီးနိုင်ဘဲ ခရီးရှည်မျောစေတဲ့အတွက်..
"ကူးနေရင် မျောမယ်"လို့ ဆိုရတာဖြစ်ကြောင်း..။

"မဇ္ဈိမပဋိပဒါလမ်းစဉ်"ဆိုတာ အဲဒီအစွန်းတရားနှစ်ပါးလုံးနဲ့
လွတ်တဲ့လမ်းစဉ်ဖြစ်လို့..သြဃတရဏ-သုတ်မှာ
မြတ်စွဘုရားက..
"ငါဟာ ရပ်ပြီးလဲမနေ၊ ကူးလဲမကူးဘဲ သံသရာရေအလျဉ်ကိုလွန်မြောက်ပြီး တစ်ဘက်ကမ်းကို ရောက်ခဲ့တယ်"လို့
မိန့်ဆိုတာဖြစ်ကြောင်း..ရှင်းပြခဲ့တယ်။

သင်တန်းပြီးချိန်မှာ လူငယ်တစ်ဦိးက အစမှာပြောခဲ့သလို
မှတ်ချက်ချပြီး
"ဒီလိုဆိုတော့-နိဗ္ဗာန်ကလဲ ဒီမိုကရေစီလိုပါပဲလား၊
"ဘယ်သူသေသေ ငတေမာပြီးရော"လုပ်နေလို့လဲမရနိုင်၊
"အစာငတ်ခံ ဆန္ဒပြနေရုံနဲ့လဲမရနိုင်ဘူးပေါ့" မေးလိုက်တာပါ။

("ဒီနေ့လူငယ်တွေ ဒီမိုကရေစီရေးအပေါ် အတော်လေး
အာရုံစူးစိုက်လာပါပေါ့လား"ဆိုပြီး သူ့မှတ်ချက်ကို
သဘောကျလိုက်မိလို့ သူသိချင်တာကိုလဲ ရှင်းပြလိုက်ပါတယ်။)

အေးပေါ့ကွ..မင်းမှတ်ချက်ချလိုက်သလိုပါပဲ၊
"ဘယ်သူသေသေ ငတေမာပြီးရော"ရှာနေတာဟာလဲ
တကယ့်ချမ်းသာစစ်ကို မရနိုင်ပါဘူး။
တစ်ချို့ကတော့ ထင်ကြမှာပေါ့၊
"ခုတော့ သူတိုတွေ ကျိကျိတက်ချမ်းသာနေကြတာပဲမို့လား"လို့။
တကယ်တော့- လောကချမ်းသာဆိုတာ ပတ်ဝန်းကျင်လောကက လေးစားသိမှတ်မှုများနဲ့ ပေါင်းစပ်မိမှ ခံစားလို့
ရနိုင်တာမျိုးပါ။

ခုနေ..ဟိုး..ဟိမဝန္တာတောင်ခြေမှာဆိုပါတော့..
စိန်ရွှေငွေရတနာတွေရော,မြေနေရာတွေ,ဥယျာဉ်ပန်းမာလ်နဲ့ သစ်သီးဝလံခြံကြီးတွေ ကြိုက်သလောက် ယူလို့ရတယ်၊
အဲဒီမှာ "မင့်မိသားစုတစ်ခုပဲ၊
ဒါမှမဟုတ် မင်းလိုလူတစ်စုပဲ သွားယူပြီးနေချေ.."ဆိုရင်
မင်းသွားယူပြီး ပျော်နိုင်မလား။
လောကဂုဏ်သိန်နဲ့စီးစိမ်ဆိုတာ သိမှတ်လေးစားတဲ့
ပတ်ဝန်းကျင်အကြီးအသေးအလိုက်သာ သတ်မှတ်ခံစားနိုင်တာမို့လား။

ဘယ်သူမှ လေးစားသိမှတ်မှုမရှိရင်..
"သတ္တဝါ တစ်ဦးတစ်ယောက်မှမရှိတော့တဲ့'သုညကမ္ဘာ'မှာ
ရှင်ဒေဝဒတ် 'ပစ္စေကဗုဒ္ဓါ'သွားဖြစ်ရတာထက်ပိုဆိုးတာပေါ့။
ပစ္စေကဗုဒ္ဓါ-ဆိုတာက နိဗ္ဗာန်ချမ်းသာကို ခံစားလို့ရသေးတယ်၊
စိန်ထုပ်ကြီးပိုက်ပြီး တစ်ယောက်ထည်းငိုက်နေရသူက
ရူးတောင်သွားနိုင်တယ်။
ဒါ့ကြောင့် မတရားရတဲ့စီးစိမ်နဲ့ ချမ်းသာကိုခံစားဖို့ဆိုတာ
တကယ့်ရေရှည်တော့ ဘယ်နည်းနဲ့မှ မရနိုင်ပါဘူး။

"ဒီလိုဆိုလဲ လုံးဝမရှာတော့ဘူး"ဆိုရင်လဲ
ကူးတဲ့အစွန်းနဲ့ သွားငြိလို့ ချမ်းသာစစ်နဲ့ ဝေးသွားမယ်၊
"ရ ပြီးရော ရှာမယ်"ဆိုတာက ကပိလဝတ်ဝါဒ။
"လုံးဝ စွန့်မယ်"ဆိုတာက ဥရုဝေလဝါဒ။

အဲဒီအစွန်းနှစ်ခုလုံးနဲ့လွတ်ဖို့က..
တရားသဖြင့် ရှာနိုင်သမျှလဲ ရှာရမယ်၊
ရှာဖွေပြီးရင်..
လောကကျိုး(လောကတ္ထစရိယ)
ပတ်ဝန်းကျင်ကျိုး(ဉာတတ္ထစရိယ)အတွက်လဲ
 စွန့်လွှတ်နိုင်ရမယ်။
ကိုယ့် စားဝတ်နေရေး,ကျန်းမာရေး(အတ္တတ္ထစရိယ)လဲ
သုံးစွဲရမယ်။
အရေးအကြီးဆုံး သတိပြုရမှာက..!
"လောကတ္ထစရိယ"ဟာ သူမြတ်ကျင့်စဉ်(စရိယသုံးပါး)ရဲ့
အဓိကဘောင်(စည်း)ပဲ။
ဒီဘောင်ကိုတော့ လုံးဝ အကျော်ရဘူး..!
ဒီစည်းကို လုံးဝ မချိုးဖေါက်ရဘူး..!

ဒီလိုဆိုရင် "သမ္မာအာဇီဝ"လဲဖြစ်၊
"စာဂေါ ပဋိနိဿဂ္ဂေါ"ဆိုတဲ့ နိရောဓသစ္စာတရားနဲ့လဲ ကိုက်ညီတဲ့အတွက်..
လောကအရလဲ ဒီမိုကရေစီချမ်းသာကို ခံစားရမယ်။
ဓမ္မအရလဲ "နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကို မုချရနိုင်မယ်..
ဆိုတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။
                          အပ္ပမာဒေန သမ္ပာဒေထ...!!!
၂.၈.၁၆-ဖလော်ရီဒါ၊USA

🏃🏻🚶🏼🎓⛑🌽🧀🌭🏌⛷🏇⛹🏋🚴🏅🎖🎗👑
ဓမ္မဘေရီဆရာတော်


မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment