Search This Blog

Tuesday, August 2, 2016

ဒုလ္လဘရဟန်းခံမယ်ဆို ဒါတွေသိထားသင့်



ရဟန်းခံ သိမ်ဝင် သိမှတ်ဖွယ်
ရဟန်းလောင်းကို သွန်သင်ဆုံးမခြင်း

ပဉ္ဇင်းလောင်း နားစေ့စေ့ထောင်။ ဤအခါကာလသမယသည်
သင့်မှာ အဟုတ်အမှတ်ဧကန်ကို မှန်ရာဖြေဆိုရမည့်အခါဖြစ်
ပေသည်။ သင့်မှာ ရဟန်းပြုခြင်း၏ အပြစ်နှင့်ဂုဏ်အလုံးစုံကို
သံဃာ့အလယ်၌ သမ္မုတိရသော မထေရ်က မေးစစ်သည်
ရှိသော် ထင်းရှားရှိလျှင် ထင်ရှားရှိပါတယ်။ မရှိလျှင် မရှိဘူး
လို့ လျှောက်ထားရမည်။ ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာတွန့်
ပြီး ရှက်ရွံ့သလို မနေနှင့်၊ မဟုတ်တာကို စစ်စစ်ခါခါ မေးရ
မလားဆိုပြီး မကြည်မသာလည်း မဖြစ်နဲ့။

၁။ အို ပဉ္ဇင်းလောင်း၊ သင့်မှာ နူနာ အသားထွတ်၊ မြင်းဖုနာ၊
မကွဲမအက် ပြောက်ကျားသော အနူကွက်၊ ချောင်းဆိုး၊
ကုတ်ဟီးနာ၊ သူရူးနာဟူသော အနာကြီးငါးမျိုး ရှိပါသလား
လို့ မေးလိမ့်မည်။  ရှိလျှင်ရှိပါကြောင်း မရှိလျှင် မရှိပါ
ကြောင်း သင်က လျှောက်ထားပါလေ။

ဒီလို မေးရတဲ့အကြောင်းကတော့ ဘုရားသခင်လက်ထက်
တော်က အနာကြီးငါးမျိုးစွဲကပ်ကြတဲ့ လူတွေဟာ ဆရာ
ဇီဝကထံသွားပြီး ဆေကုပေးပါလို့တောင်းပန်ကြတယ်။
ဆရာဇီဝကက ငါ့မှာ ဘုရင်၊ မိဖုရား၊ နန်းတွင်းသားတွေ
ကိုလည်း ဆေးကုရတယ်။ ဘုရားရှင်၏တပည့်သံဃာ
တွေကိုလည်း ဆေးကုရတယ်။ မအားလပ်ဘူး။ တော်ရာ
သွားပြီး ဆေးကုကြပါလို့ ငြင်းလိုက်တယ်။ အနာကြီး
ရောဂါစွဲကပ်ခံရတဲ့သူတွေဟာ ငါတို့သည် သာသနာ့
ဘောင်သို့ ၀င်ကြရင် ဆရာဇီဝကရဲ့ဆေးကုသမှုကို
ခံကြရမယ်လို့ သဘောပိုက်ကြပြီး သဒ္ဓါတရားမရှိ
သော်လည်း ဆေးကုသမှုခံလိုတဲ့အတွက်ကြောင့်
သာသနာမှာရဟန်းပြုကြတယ်။ သာသနာတော်
အတွင်းမှာ ဆရာဇီဝကရဲ့ဆေးဝါးကုသမှုခံကြရလို့
အနာကြီးရောဂါများ ကောင်းသွားတော့ ပြန်ပြီး
လူထွက်ကြတယ်။

အခါတစ်ပါးမှာ အဲဒီရဟန်းလူထွက်တွေနဲ့ ဆရာဇီဝက
ဟာ လမ်းမှာတွေ့တော့ ဆရာဇီဝက က ဒီပုဂ္ဂိုလ်တွေ
ကို မှတ်မိနေတယ်။ သူတို့ကလည်း ဆရာဇီဝကကို
ငါတို့ သဒ္ဓါရှိ၍ ရဟန်းပြုကြသည်မဟုတ်ပါ။ ဆေးကုသ
ခံယူလိုမှုကြောင့် ရဟန်းပြုသူများဖြစ်၍ ယခုရောဂါ
သက်သာလို့ လူထွက်လာကြပါတယ်လို့ ပြန်ပြော
ကြပါတယ်။ ထိုအခါ ဆရာဇီဝကဟာ အလွန်သံဝေဂ
ရပြီးလျှင် ဘုရားရှင်ကိုလျှောက်ထားပါတယ်။

အရှင်ဘုရား အနာကြီးရောဂါငါးမျိုး စွဲကပ်တဲ့သူတွေ
ကို ရဟန်းပြုခွင့်မပေးပါနဲ့ဘုရား။ သူတို့ သာသနာ့
ဘောင်ထဲရောက်လာရင် သူတို့ကို ပြုစုကုသနေရ
တာနဲ့ သံဃာတော်များမှာ ပရိယတ်ပဋိပတ်အလုပ်
တွေ အင်မတန်မှ ဆုတ်ယုတ်လှပါတယ်ဘုရားလို့
လျှောက်ထားတဲ့အတွက်ကြောင့် ဘုရားရှင်က
ငါဘုရား သာသနာတော်အတွင်း၌ အနာကြီးငါးမျိုး
စွဲကပ်သူကို ရဟန်းမပြုပေးရလို့ သိက္ခာပုဒ်ပညတ်
တော်မူတဲ့အတွက် သင့်ကို အနာကြီးငါးမျိုးရှိသလား
လို့ မေးစစ်ခြင်းဖြစ်ပါတယ်။

၂။ ပဉ္ဇင်းလောင်း သင်သည် လူသားစင်စစ်ဖြစ်ရဲ့လား
လို့လည်း မေးပါလိမ့်မည်။ ဒီအခါ လူသားစင်စစ်ဖြစ်ရင်
ဖြစ်တယ်။ မဖြစ်ရင် မဖြစ်ဘူးလို့ လျှောက်ထားရမယ်။

ဒီလို စစ်စစ်ပေါက်ပေါက်မေးရခြင်းအကြောင်းကတော့
ဘုရားရှင်လက်ထက်တော်အခါက နတ်နဂါးကြီးတစ်
ကောင်ဟာ သူ့ရဲ့နဂါးဘ၀ကိုရွံတဲ့အတွက် ငါသည်
လူယောင်ဖန်ဆင်းပြီး ရဟန်းပြုတော့မယ်လို့အကြံရ
ပြီးတော့ လူယောင်ဆောင်ပြီး ရဟန်းဘောင်ဝင်ခဲ့
တယ်။ တစ်နေ့တော့သူနဲ့အတူ တစ်ခန်းတည်းအိပ်
တဲ့ ရဟန်းတစ်ပါးဟာ ညသန်းခေါင်လောက်မှာ
အိပ်ယာက နိုးထတဲ့အခါမှာ သူ့အဖော်ရဟန်းကို
မတွေ့ရဘဲ အခန်းပြည့်မျှအိပ်မောကျနေတဲ့နဂါးကြီး
ကို တွေ့ရတော့ အလွန်တရာလန့်ဖျတ်အော်ဟစ်
ပြီး ကျောင်းအပြင်ဘက်ကို ထွက်ပြေးလာခဲ့တယ်။

ဖြစ်ပုံကတော့ အဲဒီလူယောက်ဆောင်ထားတဲ့ နဂါးကြီး
ဟာ ခါတိုင်မှာ သတိထားပြီးတော့ အိပ်မပျော်အောင်
စောင့်ဆည်းလာခဲ့ပေမယ့် နေ့လရက်ရှည်ကြာလာ
တော့ အိပ်ချင်လွန်းတာနဲ့သတိလက်လွတ်ပြီး နှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်သွားမိတယ်။ နဂါးတို့မည်သည်
ဘယ်လောက်ပဲ လူယောင်ဖန်ဆင်းထားပေမယ့်
သတိလွတ်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့
အခါ ပကတိနဂါးအသွင်ပြန်ပေါ်လာမြဲဓမ္မတာဖြစ်
ပါတယ်။

အဲဒီအကြောင်းအတ္ထုပ္ပတ္တိကို ဘုရားရှင်သိရတော့
ချစ်သား သင်တို့နဂါးမျိုးဟူသည် ဤဘ၀၌မဂ်ဖိုလ်
မရနိုင်။ နဂါးဘ၀နှင့်ပင်နေ၍ ဒါန သီလ ဘာဝနာ
များအားထုတ်ပြီး လူ့ဘ၀နတ်ဘ၀တို့ကိုရအောင်
သာ ကြိုးစားပါဟု မိန့်တော်မူပြီးလျှင် ချစ်သားတို့
တိရစ္ဆာန်ကို ရဟန်းမပြုရ၊ ပြုထားတဲ့ရဟန်းအသွင်
ကိုလည်း ဖျက်စေလို့ သိက္ခာပုဒ်ပညတ်တော်မူတဲ့
အတွက် ယခုလိုမေးစစ်ရခြင်းဖြစ်ပါတယ်။

၃။ ပဉ္ဇင်းလောင်း သင်သည် ယောက်ျားစင်စစ်
ဖြစ်ရဲ့လားလို့ မေးပါလိမ့်မယ်။ ဒီအခါယောက်ျား
စင်စစ်ဖြစ်ရင်ဖြစ်တယ်။ မဖြစ်ရင်မဖြစ်ဘူးဆို
တာ အမှန်အတိုင်းလျှောက်ထားရမယ်။

ဒီလို စစ်စစ်ပေါက်ပေါက်မေးရခြင်းအကြောင်း
ကတော့ ဘုရားရှင်လက်ထက်တော်အခါက
နပုံးပဏ္ဍုက်တွေဟာ သာသနာ့ဘောင်သို့ဝင်ရောက်
ပြီး ရဟန်းပြုလာကြပါတယ်။ သူတို့ဟာ သာသနာ့
ဘောင်ထဲမှာ ဆင်ထိန်းမြင်းထိန်းတွေနဲ့ပြစ်မှားပြီး
ရှုပ်ရှုပ်ပွေပွေပြဿနာတွေ ဖြစ်ပွားကြပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက ချစ်သားတို့ နပုံးပဏ္ဍုက်
ဥဘဘောဗျည်းတွေကို ရဟန်းပြုမပေးရဘူး။ ပြုပေး
ရင်လည်း ဖျက်စီးပစ်ရမယ်လို့ သိက္ခာပုဒ်ပညတ်
တော်မူတယ်။ ဒါ့ကြောင့်သင့်ကို ယခုလိုမေးစစ်ရ
ခြင်းဖြစ်တယ်။

၎။ ပဉ္ဇင်းလောင်း သင်သည် သူ့ကျွန်အဖြစ်မှလွတ်
မြောက်သူဖြစ်ပါရဲ့လားလို့လည်း မေးစစ်လိမ့်မယ်။
ဒီအခါမှာလည်း အမှန်အတိုင်း လျှောက်ထားရမယ်။
ဒီလိုမေးရတဲ့ အကြောင်းကတော့ ဘုရားရှင်လက်ထက်
တော်အခါက ကျွန်တွေဟာ မိမိတို့ရဲ့ဘ၀လွတ်မြောက်
ရေးအတွက် သာသနာ့ဘောင်သို့ ပြေးဝင်ပြီး ရဟန်း
ပြုကြပါတယ်။ ဒီအခါ ကျွန်ပိုင်ရှင်တွေနဲ့ပြဿနာဖြစ်
တဲ့အတွက် ဘုရားရှင်က ချစ်သားတို့ ကျွန်တွေကို
ရဟန်းပြုမပေးကြနဲ့လို့ ပညတ်တော်မူခဲ့တဲ့အတွက်
ဒီလို မေးစစ်ရခြင်းဖြစ်ပါတယ်။

၅။ ပဉ္ဇင်းလောင်း သင်သည် သူ့ကြွေးကင်သူဖြစ်ရဲ့
လားလို့လည်း မေးပါလိမ့်မယ်။ ဒီအခါမှာလည်း
အမှန်အတိုင်း လျှောက်ထားရမယ်။

ဒီလို မေးရတဲ့အကြောင်းကတော့ ဘုရားရှင်လက်
ထက်တော်အခါက ကြွေးတင်သူတွေဟာ သာသနာ့
ဘောင်သို့ ၀င်ပြီး ခိုလှုံကြပါတယ်။ ဒီအခါကြွေးရှင်
တွေက လိုက်လာတဲ့အတွက်ပြဿနာဖြစ်ကြရလို့
ကြွေးမကင်းသူကို ရဟန်းဝတ်မပေးရလို့ပညတ်
တော်မူတဲ့အတွက် ယခုလိုမေးစစ်ရခြင်းဖြစ်ပါတယ်။

၆။ ပဉ္ဇင်းလောင်း သင်သည် မင်းခယောက်ျား မင်းမှု
ထမ်းအဖြစ်မှ လွတ်ကင်းသူဖြစ်ရဲ့လားလို့လည်း
မေးစစ်ပါလိမ့်မယ်။ ဒီအခါမှာလည်း အမှန်အတိုင်း
လျှောက်ထားရမယ်။

ဒီလို မေးစစ်ရတဲ့အကြောင်းကတော့ ဘုရင်ဗိမ္ဗိသာရ
လက်ထက်တော်အခါက ဘုရင့်စစ်သည်တော်တွေ
ဟာ မိမိရဲ့စစ်သားဘ၀ကို ငြီးငွေ့ပြီးတော့ သာသနာ့
ဘောင်မှာ ရဟန်းပြုကပါတယ်။ ရဟန်းပြုကြတဲ့စစ်သား
တွေ တော်တော်များကြပါတယ်။ အခါတစ်ပါးမှာ သူပုန်
ထလေတော့ ဘုရင်က စစ်သားတွေကိုလွှတ်ပြီး အေး
ငြိမ်းအောင်ပြုကြလို့ အမိန့်ပေးပါတယ်။ အဲဒီအခါအမတ်
ကြီးများက အရှင်ဘုရား စစ်သားတွေအားလုံးရဟန်းပြု
ကုန်ပြီ။ စေလွှတ်ရန် စစ်သားများမရှိတော့ပါလို့လျှောက်
ထားပါတယ်။ ထိုအခါ ဘုရင်ကြီးက ရဟန်းပြုပေးရင်
ဥပဒေက ဘယ်အပြစ်ပေးပါသလဲလို့မေးတော်မူတယ်။

မင်းမြတ် ဘုရင်စစ်သားကို ဘုရင်မသိဘဲ ရဟန်းပြုပေး
ရင် ဥပဇ္ဈာယ်ဆရာကို ခေါင်းဖြတ်ရမယ်။ ကမ္မ၀ါဆရာကို
လျှာဖြတ်ရမယ်။ ကာရကသံဃာကိုနံကျိုးအောင်ရိုက်ရ
မယ်လို့ ဥပဒေရှိပါကြောင်းလျှောက်ထားတော့မှ မင်းကြီး
က အလွန်စိတ်မချမ်းမသာဖြစ်ရပါတယ်။ ငါလိုအရိယာ
မင်းကောင်းမင်းမြတ်လက်ထက်ဆိုရင် ကိစ္စမရှိဘူး။
သာသနာမကြည်ညိုတဲ့ မင်းများလက်ထက်မှာဆိုရင်
ရဟန်းတော်များ ဘေးအန္တရာယ်သင့်ကုန်ပါလိမ့်မယ်။
သည်အကြောင်းကို မြတ်စွာဘုရားထံမှာ လျှောက်ထား
မှတော်မယ်လို့ စဉ်းစားတော်မူပြီး မြတ်စွာဘုရားကို
လျှောက်ထားတဲ့အတွက်ကြောင့် မြတ်စွာဘုရားက
ဘုရင့်အမှုထမ်းဖြစ်တဲ့သူကို ရဟန်းမပြုပေးရဟု
ပညတ်တော်မူထားတဲ့အတွက် ယခုလိုမေးစိစစ်ရခြင်း
ဖြစ်ပါတယ်။

၇။ ပဉ္ဇင်းလောင်း သင်သည် မိဘနှစ်ပါးတို့က ရဟန်း
ပြုရန် ခွင့်လွှတ်အပ်ပြီးလားလို့လည်း မေးလိမ့်မယ်။
ဒီအခါမှာလည်း အမှန်အတိုင်း လျှောက်ထားရမယ်။

ဒီလို မေးရခြင်းအကြောင်းကတော့ မြတ်စွာဘုရား
သခင်လက်ထက်တော်က ဘုရင်းရှုင်ဆွေတော်
မျိုးတော်တွေကို ချီးမြှောက်ရန် အလို့ငှါကပိလ၀တ်
နေပြည်တော်နေပြည်တော်သို့ ကြွလာတော်မူပြီး
နောက် နှမတော် ဇနပဒကလျာဏီနှင့်ညီတော်
နန္ဒကို လက်ထပ်ထိမ်းမြားပြီး ထီးနန်းအပ်ပေးရန်
အသင့်ပြင်ထားဆဲမှာ ညီတော်နန္ဒမင်းသားကို
အလိုမတူဘဲလျက် ရဟန်းပြုပေးပြီးနောက်အဘ
အမွေကို တောင်းရန်လိုက်လာသော သားတော်
ရာဟုလာ ခုနှစ်နှစ်သားလေးကိုလည်း ဘိုးတော်
ဘွားတော် မယ်တော် မျိုးတော် အလိုမတူပါဘဲ
လျက် ရှင်ပြုပေးလိုက်ရာ အလွန်ပင်မချိတင်ကဲ
ရင်ကွဲမတတ်ဖြစ်ရသောကြောင့် ဘုရင်သုဒ္ဓေါ
ဒနသည် ဘုရားရှင်ထံသို့ မချိတင်ကဲရင်ကွဲ
မတတ်သောအမူအရာဖြင့်ရောက်လာပြီး
အရှင်ဘုရား ဘုရားတပည့်တော်တို့မှာ
သားတော်ကို ထီးညွှန့်နန်းလျာအဖြစ် အားကိုးအား
ထား ပြုကြပါသော်လည်း သားတော်မှာ တောထွက်
၍ ဘုရားအဖြစ်သို့ ရောက်သွားပါသည်။ ထိုအခါ
ညီတော် နန္ဒမင်းသားတစ်ယောက်ထီးညွှန့်နန်းလျာ
အဖြစ်ရှိသေးသည်ဟု ဖြေသိမ့်နိုင်ပါသေးသည်
ဘုရား။ ညီတော်နန္ဒမင်းသားကိုလည်း အရှင်ဘုရား
က ရဟန်းပြုပေးလိုက်တော့ ရင်ထဲမှာမအေးဖြစ်ရ
ပါသည်။ သို့သော် မြေးတော်ရာဟုလာကလေး
နန်းညွှန့်နန်းလျာအဖြစ်ရှိသေးတာပဲလို့ ဖြေသိမ့်
ရပါသေးတယ်။ ယခုတစ်ဖန် ဒီမြေးတော်ရာဟုလာ
လေးကို အရှင်ဘုရားက ရှင်ပြုပေးလိုက်သောအခါ
ဖခမည်းတော်တို့မှာ နှလုံးသားတွေကြေပြုန်းပြီး
ခွေနှုန်းကြရပါတယ်ဘုရား။ သားသမီးတို့အပေါ်မှာ
မိဘတို့ရဲ့ချစ်ခြင်းမေတ္တာဟာ အရေထူအရေပါး
အသားအရိုးတွေကို ဖောက်ပြီး ရိုးတွင်းခြင်ဆီ
ထိအောင် နက်ရှိုင်းစွာတည်ကြပါသည်။ ဖခမည်း
တော်တို့ပင်လျှင် အင်မတန်မှ စိတ်ထိန်းရပါသည်
ဘုရား။ သူတစ်ပါးတို့က သားဘုရားအပေါ်မှာ
ဒေါသရန်ငြိုးထားပြီး အန္တရာယ်ဆိုးများပင်ပြုနိုင်
ပါသည်ဘုရား။ ဒါ့ကြောင့် မိဘများခွင့်မပြုသော
သားသမီးများကို ရှင်ရဟန်းပြုမပေးပါနဲ့ဘုရားလို့
လျှောက်ထားတောင်းပန်ချက်အရ ဘုရားရှင်က
ချစ်သားတို့ မိဘများခွင့်မပြုရသေးသော သား
သမီးများကို ရှင်မပြုပေးရ ပဉ္ဇင်းမခံပေးရဟု
ပညတ်တော်မူအပ်သောကြောင့် ယခုလိုမေးစစ်
ရခြင်းဖြစ်ပါတယ်။

၈။ ပဉ္ဇင်းလောင်း သင်သည် ပဋိသန္ဓေတည်နေ
သည်မှစ၍ ရေတွက်သော် အသက်နှစ်ဆယ်ပြည့်
သောသူ ဖြစ်သလားလို့လည်း မေးလိမ့်မယ်။
ဒီအခါမှာလည်း အမှန်အတိုင်း လျှောက်ထားရမယ်။

ဒီလိုမေးရတဲ့အကြောင်းကတော့ ဘုရားရှင်လက်ထက်
တော်အခါက အသက်နှစ်ဆယ်မပြည့်သေးတဲ့ကလေး
ငယ်တွေကို တိုက်ရိုက်ရဟန်းခံပေးလိုက်ရင် သူတို့
တတွေဟာ ဆာလောင်မွတ်သိပ်ခြင်းဒဏ်၊ အပူအအေး
ဒဏ်တွေကို ကလေးပီပီမခံနိုင်သေးတာကြောင့် အချိန်
မတော် ဆာလှတယ်။ လောင်လှတယ်။ ထမင်းပေးပါ။
ဟင်းပေးပါ စသည်ဖြင့် ငိုယိုပူဆာကြလို့ ဘုရားရှင်က
ချစ်သားတို့ အသက်နှစ်ဆယ်မပြည့်သူဟာ ဥတုဒဏ်၊
ဆာလောင်မွတ်သိပ်ဒဏ်ကို မခံနိုင်ဘူး။ ဒါ့ကြောင့်
အသက်နှစ်ဆယ်မပြည့်သေးသူကို ရဟန်းခံမပေးရလို့
ပညတ်တော်မူသောကြောင့် ယခုလို မေးစိစစ်ရခြင်း
ဖြစ်တယ်။

၉။ ပဉ္ဇင်းလောင်း သင့်မှာ သပိတ်သင်္ကန်းပြည့်စုံပြီ
လောလို့လည်း မေးလိမ့်မယ်။ ဒီအခါမှာလည်း အမှန်
အတိုင်းလျှောက်ထားရမယ်။

ဒီလိုမေးရခြင်းအကြောင်းကတော့ ရှေးအခါကအချို့
ရဟန်းလောင်းတွေဟာ အငှါးသပိတ်သင်္ကန်းတွေနဲ့
ရဟန်းခံကြတယ်။ ရဟန်းခံပြီးတာနဲ့ ပိုင်ရှင်တွေဟာ
သပိတ်သင်္ကန်းတွေကိုပြန်ယူသွားတော့ဝတ်စရာမရှိ၊
ဆွမ်းခံစရာမရှိ၊ ကိုယ်လုံးတီးလက်ဖြင့်ဆွမ်းခံကြတယ်။
အဲဒါကိုအကြောင်းပြုပြီး ဘုရားရှင်က ကိုယ်ပိုင်သပိတ်
သင်္ကန်းနှင့်မှ ရဟန်းခံရမယ်လို့  ပညတ်တော်မူတဲ့
အတွက် ယခုလိုမေးစိစစ်ရခြင်းဖြစ်တယ်။

ကျောင်းထိုင်ဘုန်းကြီးရေးရာပဒေသာမှ ထုတ်နှုတ်ဖော်ပြပါသည်။

မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment