Search This Blog

Tuesday, August 2, 2016

ကားခအခမဲ့စီးချင်ကြလား




စာအုပ်တစ်အုပ်.. ကားခအခမဲ့
-------------------------------
ရိုမေးနီးယားနိုင်ငံဟာ အရှေ့ဥရောပမှာရှိတဲ့ လှပဆွဲဆောင်မှုရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။
.
ဒီနိုင်ငံဟာ သဘာဝတောတောင်ရေမြေရှုခင်းနဲ့ လှပတဲ့ black seaလို့ခေါ်တဲ့ ကုန်းတွင်းပင်လယ်တစ်ခုရှိတဲ့အပြင် ရာသီဥတုသင့်တင့်မျှတတာကြောင့် ကမ္ဘာ့အရပ်ရပ်ကခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နိုင်ငံဖြစ်တယ်။ အဓိက,က ဒီနိုင်ငံက လူတွေဟာ စာဖတ်တာကိုဝါသနာပါကြတယ်။ ရုံးတက်ရုံးဆင်းတဲ့ဝန်ထမ်းပဲဖြစ်ဖြစ် ဘတ်စ်ကားစီးတဲ့အခါတိုင်း လက်ထဲမှာ စာအုပ်တစ်အုပ်ကိုင်ဖတ်နေတာကို တွေ့ရတတ်တယ်။ ဒီလိုစာပေယဉ်ကျေးမှုရှိတဲ့အမူအကျင့်က မြင်ရသူအဖို့ လှပသက်ဝင်လွန်းလှတယ်။
.
ရိုမေးနီးယားနိုင်ငံကဘတ်စ်ကားတွေပ်ါမှာ လူတိုင်းနီးနီး စာအုပ်တစ်အုပ်ကိုယ်စီနဲ့ပါ။ ဒီနိုင်ငံကိုရောက်ရင် စာဖတ်နေတဲ့ခရီးသည်တွေဟာ ဘတ်စ်ကားခပေးစရာမလိုတဲ့ ထူးဆန်းတဲ့အဖြစ်ကို သင်သတိထားမိပါလိမ့်မယ်။
.
အရင်တုန်းကတော့ လူတွေဟာ ဘတ်စ်ကားပေါ်ရောက်တာနဲ့ ရပ်စီးတဲ့သူပဲဖြစ်ဖြစ်၊ ထိုင်စီးတဲ့သူပဲဖြစ်ဖြစ် အလာပသလာပပြောနေတာမျိုး၊ လက်ကိုင်ဖုန်းကစားနေတာမျိုး၊ တချို့ကအိပ်နေတာမျိုးတွေ ရှိခဲ့တယ်။
.
သတင်းမီဒီယာတွေကလည်း လူတွေဟာ စာမဖတ်ကြဘူး၊ သတင်းစာမဖတ်ကြဘူးလို့ ဝေဖန်သရော်ခဲ့ကြပေမယ့် အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။
.
ဒီလိုပျင်းရိတဲ့ဖြစ်အင်ကိုကြည့်ပြီး စာချစ်သူတစ်ဦးဖြစ်တဲ့ Victor Miron လို့ခေါ်တဲ့ ရိုမေးနီးယားပြည်သူတစ်ယောက်ဟာ Cluj-Napoca မြို့ရဲ့မြို့တော်ဝန်ကို အီးမေးလ်တစ်စောင်ရေးပို့လိုက်တယ်။ အီးမေးလ်မှာရေးထားတာက --
.
“ကျွန်တော်တို့ရဲ့ပြည်သူတွေဟာ စာဖတ်ခြင်းကို ဒီထက်ပိုပြီးလျစ်လျူမရှူသင့်ဘူး၊ ဒါဟာ တိုင်းပြည်တိုးတက်ရေးကို ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ စာဖတ်ကျင့်ကို ရက်တိုတိုအတွင်း ပြည်သူတွေမွေးမြူနိုင်ဖို့ဆိုရင် ဘတ်စ်ကားပေါ်မှာ စာဖတ်သူတိုင်းကို ကားအခမဲ့စီးခွင့်ပေးရင်ရနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်”
.
Victorရဲ့အကြံကို လူတော်တော်များများကန့်ကွက်ခဲ့ကြတယ်။ အခုခေတ်လူတွေက လက်ကိုင်ဖုန်းလိုမြန်ဆန်တဲ့ အီလက်ထရွန်နစ်ဖတ်ရှုခြင်းကို အမှီအခိုပြုလွန်းတယ်၊ စက္ကူနဲ့ဖတ်ရှုခြင်းကို ခက်ခက်ခဲခဲ လှုံ့ဆော်ရလိမ့်မယ်လို့ ဆိုကြတယ်။
.
ဒါပေမယ့် Victorရဲ့အကြံက မြို့တော်ဝန်ကို ပိုစိတ်ဝင်စားစေခဲ့တယ်။ အဲဒီအကြံအတိုင်း တစ်ပတ်လောက်စမ်းသပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။
.
ပထမဦးဆုံး ဖေ့စဘုတ်ပေါ်မှာ “စာအုပ်နဲ့အတူ ဓာတ်ပုံရိုက်မျှဝေ” ရင် တိရစ္ဆာန်ရုံဝင်ခ သို့မဟုတ် ဆံသဆိုင်မှာ ဆံပင်အခမဲ့ညှပ်နိုင်တဲ့လှုပ်ရှားမှုကို စတင်လိုက်တယ်။ တစ်ဘက်မှာလည်း ဘယ်ဘတ်စ်ကားလိုင်းကိုစီးစီး ကားပေါ်မှာစာဖတ်တဲ့သူတွေကို ကားခမကောက်ဘူးလို့ဆိုတယ်။
.
လူတွေက ထူးဆန်းအံ့သြမှုအပြည့်နဲ့ ကားအခမဲ့စီးခွင့် တကယ်ရမရ စမ်းသပ်ကြည့်ခဲ့ကြတယ်။ တကယ်ပဲ အသက်ဝင်ခဲ့ပါတယ်။
.
အကြွေဆောင်စရာမလိုတဲ့ ခံစားချက်က သိပ်မိုက်တာပဲလို့ လူတချို့ကဆိုကြတယ်။ ပြည်သူတချို့ကလည်း တစ်လနေလို့ စာအုပ်တစ်အုပ်ဖတ်ပြီးဖို့ဆိုတာ တော်တော်နဲ့မလွယ်ခဲ့ဘူး။ ခုတော့ တစ်လသုံးအုပ်ဆိုလည်းရတယ်လို့ ဆိုကြတယ်။
.
လူတစ်ဦးစာအုပ်တစ်အုပ်ဆိုတဲ့ အကျင့်စရိုက်က ဘတ်စ်ကားပေါ်က ကျန်ခရီးသွားတွေကိုပါ သက်ရောက်စေခဲ့ပါတယ်။ တကယ်လို့ သင်ဟာ ရိုမေးနီးယားနိုင်ငံကိုသွားလည်တဲ့သူဆိုရင် စာကြည့်တိုက် သို့မဟုတ် စာအုပ်ဆိုင်ထဲရောက်သွားသလားလို့ ထင်မှတ်မှားပြီး စကားကျယ်ကျယ်မပြောရဲဖြစ်လိမ့်မယ်။ လူတိုင်း အာရုံစူးစိုက်ပြီး စာဖတ်နေကြလို့ပါ။ ကောင်းတဲ့အကျင့်စရိုက်က အလျင်အမြန် ပြန့်နှံ့ကျယ်ပြန့်လာခဲ့ပါတယ်။
.
ဒါဟာ မြို့တော်ဝန်ထင်မထားတဲ့အဖြစ်ဆိုပေမယ့် Victorက ဒီလိုအကျိုးဖြစ်ထွန်းမယ်လို့ အစောကြီးကတည်းက တွေးထင်ထားပြီဖြစ်တယ်။
.
ရိုမေးနီးယားပြည်သူတွေဟာ လက်ကိုင်ဖုန်းရဲ့အထိန်းအချုပ်ကိုမခံတော့ဘဲ စာထဲအာရုံစူးစိုက်နေကြတာဟာ ဘာကြောင့်လဲ.. ဘယ်အရာက သူတို့ကိုပြောင်းလဲစေခဲ့သလဲဆိုတာကို လူတွေနားမလည်ဖြစ်ခဲ့ကြတယ်။
.
သိလိုစိတ်နဲ့ သတင်းထောက်တစ်ဦးက Victor ကိုရှာပြီး မေးခဲ့တယ်။
.
“ကားပေါ်စာဖတ်ရင် ကားအခမဲ့စီးခွင့်ရတယ်ဆိုတဲ့ နည်းလမ်းကို ဘယ်လိုစဉ်းစားခဲ့မိသလဲ၊ လူတွေရဲ့ စာဖတ်လိုစိတ်ကို ဘယ်လိုနှိုးဆွခဲ့သလဲ”
.
“တကယ်တော့ လွယ်လွယ်လေးပါ… ဆုချီးမြှင့်တဲ့နည်းနဲ့ လူတွေကိုစာဖတ်ဖို့အားပေးခဲ့တာပါ။ ဒါဟာ ဝေဖန်အပြစ်ဆိုတာထက် ပိုကောင်းပါတယ်။ ရိုမေးနီးယားပိုဆွဲဆောင်မှုရှိလာဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီ့ထက်ပိုများတဲ့ ကမ္ဘာခရီးသည်တွေ ကျွန်တော်တို့ဆီက လူ့သဘာဝကိုမှတ်မိသွားစေဖို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ Victor က သတင်းထောက်ကို ပြုံးပြီးပြန်ဖြေခဲ့တယ်။
.
ဘတ်စ်ကားပေါ်မှာ စာဖတ်ရင် ကားခအခမဲ့ဆိုတဲ့ဆောက်ရွက်ချက်က ရိုမေးနီးယားနိုင်ငံကို လှပသစ်လွင်တဲ့ ရှုခင်းတစ်ခုဖြစ်စေခဲ့တဲ့အပြင် ပြည်သူတွေရဲ့စိတ်ဓာတ်ကိုလည်း စာပေအနုပညာနဲ့ ပြည့်ဝဖွံ့ဖြိုးစေနိုင်ခဲ့ပါတယ်။
.
နေ့တိုင်း စာပိုဖတ်ဖြစ်ကြရင် နိုင်ငံတစ်ခုလုံးလည်း ဒီထက်ကြီးမားတဲ့အကျိုးရလဒ်ကို ရရှိလာနိုင်မှာဖြစ်ပါတယ်။

----
မူရင်းလင့်-- http://www.independent.co.uk/news/world/europe/romanian-city-offers-free-rides-to-people-reading-on-the-bus-10463497.html
.
http://www.85nian.net/shiye/58598.html
.
#နိုင်းနိုင်းစနေ (July. 19. 2016)
.




မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment